ကော့သောင်း ၂၀ ဇူလိုင်

 

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း ရောက်ရှိရပ်နားထားသည့် MT QIAN TAI 1 ပင်လယ်ကူးသင်္ဘောမှ Sign off ထွက်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသား(၁၀)ဦးသည် ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာရာ ကော့သောင်းမြို့တွင် Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

သင်္ဘောပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၁၀)ဦးသည် ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသော သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် Captain ဦးမြတ်မိုး ပါ မြန်မာသင်္ဘောသား (၁၀)ဦး ဖြင့် တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်သည်။

 

အဆိုပါ သင်္ဘောသည် INK MARINE CO.Ltd မှ ကုန်စည်ပို့ဆောင်သည့် သင်္ဘောဖြစ်ပြီး မလေးရှားနိုင်ငံမှတစ်ဆင့်  ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက် အနီးသို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး သင်္ဘောပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား(၁၀)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ရက် ထားရှိပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ် နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

mdn