မိုင်းယောင်း  ၅  ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မော်တော်ယာဉ် ခုနစ်စီးဖြင့် နေရပ်ပြန်ပြည်သူ ၁၅၁ ဦး ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြပြီး မိုင်းယောင်းမြို့နယ်အရောက်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများက နေရပ်ပြန်ပြည်သူများအတွက် ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြသည်။

 

ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၅၁ ဦးတွင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၅၆ ဦးတို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ သုံးဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ကိုးဦး၊ ရခိုင်ပြည်နယ်မှ ၉၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ နှစ်ဦး၊ ကချင်ပြည်နယ်မှ တစ်ဦးနှင့် ရှမ်းပြည်နယ်မှ ၁၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ မေ ရက်မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်မှာ ဇွန် ရက်အထိ စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၆၆၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)