နှင်းမိုးအိမ်

 

ဆီးရီးယားနိုင်ငံ ဟွမ်းပြည်နယ်ရဲ့ ကျေးလက်ဒေသက  တိတ်ဆိတ်တဲ့မြို့လေးမှာ လက်ဘနွန်ဒုက္ခသည်တွေ ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ အစ္စရေးတပ်မတော်ရဲ့ ဟစ်ဇ်ဘိုလာအုပ်စုအပေါ် လေကြောင်းကနေ တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့်မားနေတဲ့အချိန် နေ့နေ့ညည အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြားက ယာယီလုံခြုံမှုရရှိနိုင်ရေး လက်ဘနွန်က နေရပ်စွန့်ခွာပြည်သူတွေဟာ ဆီးရီးယားမှာ လာရောက်ခိုလှုံ နေထိုင်နေရပါတယ်။

 

ကလေးတွေအတွက်လုံခြုံမှုမရှိ

 

အသက် ၄၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဟူဒါအာမန်ဆိုတဲ့ အမျိုးသမီးကတော့ သူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူ ခင်ပွန်းသည်ကို ချန်ထားကာ လက်ဘနွန်ကနေ ထွက်ပြေးလာခဲ့ပါတယ်။  ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ကိုယ့်အိမ်မှာကိုယ်ပဲ  ကြံ့ကြံ့ခံနေထိုင်ခဲ့ပေမယ့်  ဘဝမှာ အဆက်မပြတ်  ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်လာရချိန်မှာတော့ အရှုံးပေးထွက်ပြေးခဲ့ရပါတယ်လို့ ဟူဒါအာမန်က ဆင်ဟွာကို ပြောပါတယ်။  ဒီနေရာကိုရောက်ရှိနေတာ  တစ်ပတ်နီးပါးရှိပြီဖြစ်ပြီး အမိမြေဟာ ကလေးတွေအတွက် မလုံခြုံတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

 

ပြင်ဆင်ပေးထား

 

မကြာခင် ကိုယ့်ရွာကိုပြန်နိုင်မယ်လို့ သူက တွေးထင်ထားပါတယ်။ ဘယ်နေရာကြီးမှာပဲ  ရောက်နေ ရောက်နေ ကိုယ့်အိမ်ဆိုတဲ့ ခံစားချက်ကိုတော့မရပါဘူး၊ ဒီနေရာမှာနေရတာ သက်သောင့်သက်သာရှိတယ်၊ အဆင်ပြေ အောင်လုပ်ပေးထားပေမယ့် လက်ဘနွန် ကအိမ်ကိုလွမ်းတယ်လို့ သူကဆက်ပြောပါတယ်။

 

ခိုလှုံရာနေရာအဖြစ်  ပြောင်းလဲ ပေးထားတဲ့နေရာမှာ နေရာထိုင်ခင်းတွေ ပြင်ဆင်ပေးထားပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့မိသားစုတွေ အိပ်စက်ဖို့အတွက် ကြမ်းပြင်ပေါ်မှမွေ့ရာတွေ ချထားပေးပြီး စစ်ပွဲတွေကြောင့် ရရှိတဲ့ စိတ်ဒဏ်ရာကနေ ကလေးတွေသက်သာရာရအောင် ဒေသခံအဖွဲ့အစည်းတွေက ကလေးတွေအတွက် လှုပ်ရှားမှုအစီအစဉ် လေးတွေ ပြုလုပ်ပေးကြပါတယ်။

 

စွန့်ခွာထွက်ပြေးခဲ့ရ

 

အသက် ၁၇ နှစ်အရွယ် ခေါလာ အယ်အာမာက ဟာမဲလ်မြို့ကနေ မိဘ နှစ်ပါး၊ ညီမငယ်နှစ်ယောက်နဲ့အတူ ထွက်ပြေးလာသူဖြစ်ပါတယ်။ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်ကနေ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆင်ဟွာကိုပြောပါတယ်။ ဒီလိုထွက်ပြေးလာစဉ် ညီမငယ်အတွက် စိတ်ပူရကြောင်း သူမြင်ခဲ့သမျှ၊ ကြားခဲ့ရသမျှ အရာရာတိုင်းအတွက် စိတ်ဖိစီးမှုဖြစ်ပေါ်မှာကို စိုးရိမ်ကြောက်ရွံ့မိတယ်လို့ သူကဆက်ပြောပါတယ်။ တိုက်ပွဲတွေပြီးဆုံးပြီး အေးအေးချမ်းချမ်း ကိုယ့်အိမ်ကို ပြန်ချင်တာပါပဲလို့ အယ်-အာမာက ပြောပါတယ်။

 

လက်ဘနွန်မိသားစုတွေ ခိုလှုံနေထိုင်

 

သူတို့ အခုခိုလှုံနေထိုင်ရာနေရာကတော့ လက်ဘနွန်နယ်စပ်ကနေ ကီလိုမီတာ  အနည်းငယ်သာကွာဝေးတဲ့ ရက်ဘလာမြို့မှာ တည်ရှိပါတယ်။ လက်ဘနွန်မိသားစုဝင်တွေ ဒီမြို့မှာလာရောက် ခိုလှုံနေထိုင်နေကြကာ မိသားစုပေါင်း ၂၁၃ စုကို လက်ခံထားရှိပြီး လူဦးရေအားဖြင့် ၁၁၇၀ ကို ခိုလှုံရာ နေရာတွေမှာ လက်ခံထားရှိတယ်လို့ ရက်ဘလာမြို့ ဒေသခံကောင်စီ အကြီး အကဲဖြစ်သူ ဇာကာရီယာဖေယက် က ပြောပါတယ်။

 

လက်ဘနွန်ကနေ ဆီးရီးယားကို ပြောင်းရွှေ့လာတဲ့ လူပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်။

 

 

လူပေါင်း ၂၀၀၀၀၀ကျော် နေရပ်စွန့်ခွာ

 

အစ္စရေးကနေ ထုတ်ပြန်ထားတဲ့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန်အမိန့်ကြောင့် လက်ဘနွန်တောင်ပိုင်း ဒေသက လူပေါင်း ၂၀၀၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်း ဒူဂျာရစ်က စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

 

အစ္စရေးဘက်ကနေ လက်ဘနွန်မှာရှိနေတဲ့ ဟစ်ဇ်ဘိုလာအုပ်စုကို တိုက်ခိုက်နေမှုဟာ စက်တင်ဘာ လလယ်ကတည်းက လျော့ကျသွားတဲ့ အရိပ်အယောင်မရှိတဲ့အတွက် ရွှေ့ပြောင်းနေထိုင်ရတဲ့ လူဦးရေဟာ တိုးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

 

သေချာရေရာမှု မရှိနိုင်သေး

 

ရွှေ့ပြောင်းနေထိုင်ရတဲ့ လူဦးရေတိုးပွားလာပေမယ့် ဒေသခံအဖွဲ့အစည်းတွေဟာ ခိုလှုံရာရှာဖွေဖို့ ပြောင်းရွှေ့လာ ကြတဲ့လူတွေအပေါ် တတ်နိုင်သမျှ အစွမ်းကုန်ကူညီပေးနေကြပါတယ်။ သို့ပေမယ့် ဒုက္ခသည်တွေအတွက်က တော့၊ အခြေအနေတွေကတော့ သေချာ ရေရာမှု မရှိနိုင်သေးပါဘူး။

 

အရှိန်လျော့မသွား

 

အစ္စရေးကတော့ ဟစ်ဇ်ဘိုလာအုပ်စုကို လေကြောင်းကသော်လည်းကောင်း၊ မြေပြင်ကသော်လည်းကောင်း တိုက်ခိုက်မှုတွေ အရှိန်လျော့မသွားသေးပါဘူး။  ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၀၀ ခန့် ပစ်လွှတ်ခဲ့တယ်လို့ပြောပါ တယ်။ ဟစ်ဇ်ဘိုလာအုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်၂၀၀၀ ကျော်ကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးအရာရှိများက ပြောပါတယ်။ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၂၅၀ ခန့် သေဆုံးခဲ့တယ်လို့လည်း ၎င်းတို့က ဆက်ပြောပါတယ်။

 

ဗုံးကြဲတိုက်ခိုက်

 

တခြားဘက်မှာ ဆိုရင်လည်း ဟစ်ဇ်ဘိုလာအုပ်စုဟာ အစ္စရေးကို စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေပြုလုပ် ခဲ့ကြောင်း ပြောခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေအတွင်း လူအချို့သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဟစ်ဇ်ဘိုလာ ဘက်ကပြောပါတယ်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အနီးမှာရှိတဲ့ မြေအောက်ဘန်ကာတစ်ခုကို အစ္စရေးအရာရှိတွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယူးယောက် တိုင်းမ်စ်မှာ ဖော်ပြထားပါတယ်။

 

ဆက်ခံသူဟုယူဆရ

 

ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိ တွေ အဲဒီနေရာမှာအစည်းအဝေးပြုလုပ် နေကြတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ၎င်းတို့ထဲကတစ်ယောက်ဟာ ပြီးခဲ့တဲ့လအတွင်း အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန်နာစရယ်လာရဲ့ ဆက်ခံသူလို့ ယူဆရကြောင်း နယူးယောက်တိုင်းမ်စ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

 

တစ်သန်းကျော်နီးပါးနေရပ်စွန့်ခွာ

 

လက်ဘနွန်မှာတော့ လူဦးရေ တစ်သန်းကျော်နီးပါးဟာ သူတို့ရဲ့နေအိမ် တွေကနေစွန့်ခွာပြီး ထွက်ပြေးကြဖို့ ဖိအားပေးခံနေရပါတယ်။ အစိုးရကနေ တည်ဆောက်ပေးထားတဲ့ ခိုလှုံရာနေရာ ၉၀၀ နီးပါးအနက် အများစုမှာ လူတွေပြည့်နေကြပါပြီ၊ ဒီအတွက်ကြောင့် ပန်းခြံတွေ၊ လမ်းမတွေ မှာ အိပ်နေကြရတဲ့ လူတွေလည်းရှိတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

 

ကိုးကား - ဆင်ဟွာ