နောင်ချို ၄ မေ
ကျောက်မဲခရိုင်၊ နောင်ချိုတိုးဂိတ်၌မေလ ၂ ရက်နေ့ညနှင့် မေ ၃ ရက်နေ့ညများတွင် ပိတ်မိနေသော နေရပ်ပြန်သူ ၉၀ဝ အတွက် နောင်ချိုမြို့နယ်ပရဟိတအဖွဲ့များမှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ထမင်းဘူးနှင့်ရေသန့်တို့အား ပေးဝေခဲ့ကြောင်း သိရသည်။
ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များသည် ဧပြီ ၂၅ ရက်မှ စတင်၍ ဝင်ရောက်လျက်ရှိရာ မေ ၂ ရက်နေ့ညနေပိုင်းတွင် မန္တလေးတိုင်းဘက်သို့ ဆက်လက်ဖြတ်သန်းရန် အချိန်ကျော်လွန်၍ နောင်ချိုတိုးဂိတ်(OHC)၌ပိတ်မိနေသော နေရပ်ပြန် ၄၀ဝ ခန့်အား ချက်ပြုတ်ကျွေးမွေးနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆန်၊ ဆီများ ထောက်ပံ့ပေးခြင်း၊ ဒေါက်တာမိုးမြင့်သူမိသားစုမှ ကြက်ဥများလှူဒါန်းပေးခြင်း၊ နောင်ချိုဟိုတယ်မှ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ အခြားအလှူရှင်များ၏ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် စေတနာမွန် ပရဟိတအဖွဲ့၊ ဖြူစင်မေတ္တာပရဟိတအဖွဲ့များမှ ဦးဆောင်၍ ညစာအဖြစ် ထမင်းဘူး ၄၀ဝ နှင့် ရေသန့်ကတ် ၅၀ ကို ပေးဝေခဲ့ကြကြောင်း သိရသည်။
မေ ၃ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းနေရပ်ပြန်များအတွက် ဦးသန်းလွင်မိသားစု၊ ဦးကျော်စိုးသိန်းမိသားစု၊ ဦးမြင့်သန့်မိသားစုတို့၏ လှူဒါန်းပေးမှုများဖြင့် နောင်ချိုလူငယ်အဖွဲ့မှ ထမင်းဆီဆမ်း၊ ပဲပြုတ်နှင့်ရေသန့်တို့ကို နံနက်စာအဖြစ် ပေးဝေခဲ့ကြပြီး ည ၉ နာရီအချိန် ယာဉ် ၁၈ စီးဖြင့် နောင်ချိုတိုးဂိတ်သို့ ရောက်ရှိလာသော နေရပ်ပြန်ခရီးသွားများအတွက် အလှူရှင်များလှူဒါန်းမှုဖြင့် ပရဟိတအဖွဲ့များမှ ညစာအဖြစ် ထမင်းဘူး ၅၀ဝ နှင့် ရေသန့်တို့ကို ပေးဝေခဲ့ကြသည်။ မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေရပ်ပြန်များအတွက် နောင်ချိုမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မဇင်နွယ်ဦး SAE နှင့် တောင်ရပ်မှ ကိုလင်းနိုင်+မနွယ်နီတို့၏ လှူဒါန်းမှုဖြင့် ထမင်းဘူးများပေးဝေနိုင်ခဲ့ကြောင်းသိရ သည်။
နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစိစစ်ရေးအဖွဲ့မှ နေရပ်ပြန်များအား နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ စိစစ်၍မန္တလေးတိုင်းဒေသကြီးနှင့် ချိတ်ဆက်ကာ နောင်ချိုမြို့နယ်အတွင်းမှ ဆက်လက် ထွက်ခွာခွင့်ပြုလျက်ရှိပါကြောင်းနှင့် အချိန်လွန်မှ ဝင်ရောက်လာသော နေရပ်ပြန်များ အတွက် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် နံနက်စာ၊ ညစာများ စီစဉ်ပေးလျက်ရှိပါကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)


