မကွေး ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံတွင်  လက်ရှိ အသားတင် ရေပေးဝေနိုင်မည့် ရေလှောင်ပမာဏ ၈၃၂၅၀ ဧကပေ သိုလှောင်ထားပြီး  နွေသီးနှံစိုက်ဧက  ၁၈၇၆၀ ကျော်အတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မန်းချောင်းရေလှောင်တမံထဲ စီးဝင်တဲ့ သိုလှောင်ရေကို တမံအောက်ဘက်မှာရှိတဲ့ စိုက်ဧကတွေ ရေပေးဝေပါတယ်။ အရင်နှစ်က နွေသီးနှံက ၄၁၉ ဧက၊ မိုးစပါး ၃၂၃၉၂ ဧက စိုက်ပျိုးခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အရင်နှစ်က ဆည်ရေသောက် စိုက်ဧက စုစုပေါင်း ၃၂၈၁၁ ဧကအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပါတယ်။ အခုနှစ် မိုးစပါးစိုက်ဧက ၃၂၃၉၂ အတွက် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပြီးတော့ လာမယ့် နွေသီးနှံစိုက်ဧက  ၁၈၇၆၀ ကျော်အတွက် မတ်လ ရက်နေ့က စပြီး စိုက်ပျိုးရေ ပေးဝေသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုနှစ် မိုးစပါးနဲ့ နွေသီးနှံ စုစုပေါင်း ဧက ၅၁၁၅၂ ဧကအတွက် တိုးတက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု မင်းဘူး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇင်သက် က ပြောကြားသည်။

အဆိုပါ ရေလှောင်တမံကို ၁၉၉၅ ခုနှစ်က ငဖဲမြို့နယ်ရှိ မန်းချောင်းပေါ်တွင် တည်ဆောက်ခဲ့ပြီး ဆည်အလျား ၄၄၈၀ ပေ၊ အမြင့် ၁၃၅ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၁၂၀၀၀၀ ဧကပေနှင့် ရေဆင်းဧရိယာ ၁၃၆ စတုရန်းမိုင်ရှိသည့် မြေသားရေလှောင် တမံအမျိုးအစားဖြစ်သည်။

တောင်သူတွေအတွက် စိုက်ပျိုးရေဆိုတာ အသက်ပါ။ ကျွန်တော်တို့ဒေသက အပူပိုင်းဒေသဆိုပေမယ့် ဆည်ရေရရှိတဲ့အတွက် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်တယ်။ ကျွန်တော်တို့ဒေသက တောင်သူတွေက မိုးကြိုနှမ်း၊ မိုးစပါး၊ နွေစပါး ဒါမှ မဟုတ် မိုးစပါး၊ ကုလားပဲ၊ နွေနှမ်း ဆိုပြီး သီးနှံပုံစံ နှစ်မျိုးကိုတော့ စိုက်ပျိုးကြတာများတယ်။ အခုတော့ မိုးစပါးရိတ်သိမ်းနေကြပြီးတော့ မတ်လဆို နွေသီးနှံ ပြန်စိုက်ကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုရာသီပတ်လုံး စိုက်နိုင်တဲ့အတွက် ဆည်ရေဟာ ရွှေပါပဲဟု မင်းဘူးမြို့နယ် ကူရွာကျေးရွာမှ တောင်သူ ဦးစန်းအောင်က ပြောသည်။

အောင်မင်းဟန်

ဓာတ်ပုံ-နေသစ်