သာယာဝတီ ဖေဖော်ဝါရီ ၂၄

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့အတွင်း ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှစပြီး မင်းလှမြို့နယ် ကံတင်ဘီးလင်းရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သာယာဝတီခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

 

မင်းလှမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုး ရေဖူလုံစေရေးအတွက် နှစ်စဉ် ကံတင်ဘီးလင်းရေလှောင်တမံမှ ဆည်ရေများကို ရေလွှဲဆည်၊ တူးမြောင်းမကြီးနှင့် လက်တံမြောင်းတို့မှတစ်ဆင့် လယ်ယာ မြေစိုက်ခင်းများအရောက် ပို့လွှတ် ဖြန့်ဝေ ဆောင်ရွက်ပေးရာ တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိသည်။

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မင်းလှမြို့နယ်နှင့် လက်ပံ တန်းမြို့နယ်အတွင်း တောင်သူများ အချိန်မီ သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကံတင်ဘီးလင်းရေလှောင် တမံမှဆည်ရေများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှ စတင်၍ နှစ်သီးစိုက်လယ်မြေများသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်း မှစတင်၍ သုံးသီးစိုက်လယ်မြေများသို့လည်းကောင်း တောင်သူများ နွေသီးနှံ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေအသိပေး နှိုးဆော်ထားသည်။

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၌ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ကံတင်ဘီးလင်း ရေလှောင်တမံမှ ဆည်ရေဖြင့် မင်းလှမြို့နယ်၌ နွေစပါးစိုက်ပျိုး ဧက ၉၄၇၅ ဧကနှင့် လက်ပံတန်းမြို့နယ်၌ နွေစပါးစိုက်ပျိုးဧက ၇၀၈၄ ဧက စုစုပေါင်း ၁၆၅၅၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)