၂၂ အောက်တိုဘာ
မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို ခဏတာ အနားယူ၍ ရုပ်ရှင် ထုတ်လုပ်သူ အဖြစ်နှင့် နှစ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ပြီး ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကို ပထမဆုံး ထုတ်လုပ်ရိုက်ကူးမှုတွင် အောင်မြင်မှုတွေ ရရှိခဲ့သည့် ထုတ်လုပ်ရေးတစ်ခု ဖြစ်ခဲ့ရာ ဆက်လက်၍ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လုပ်ရိုက်ကူးခဲ့သည်။
တောကျီးကန်း၊ တည်ကြက်၊ ကြေးကြီးတယ်၊ သားပိုက်ကောင် စသည့် ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ရာ ယခုနောက်ဆုံး အနေဖြင့် မိုး ရုပ်ရှင်ထုတ်လုပ်ရေးကနေ (၆)ကားမြောက် ထုတ်လုပ်ရိုက်ကူးထားသည့် "အမုန်းတွေ ခေါက်ထားလိုက်" ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက်တွင် ရုံတင်ပြသမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အလင်းသစ်၊ ဇာတ်ညွန်း ဆူးခက်မင်း ရေးသားကာ ဒါရိုက်တာ သားညီက ဖန်တီးပုံဖော်ထားပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ရဲအောင်၊ မိုးဟေကို၊ တက္ကသိုလ်ဂွမ်းပုံနှင့် အနုပညာရှင်များစွာ ပါဝင်ကာ သရုပ်ဆောင် နေတိုးနှင့် လက်တွဲအလုပ်လုပ်ခဲ့သည့်အပေါ် သူ၏စကားသံတွေကို ယခုလို ကြားသိခဲ့ရသည်။
"အမေရဲ့ ကျန်းမာရေး အခြေအနေကြောင့် မိုး မရိုက်ခဲ့ဘူးဆိုတာ အားလုံးလည်း သိထားပြီးသားပါ၊ အခု အမေ့ကျန်းမာရေးကလည်း ကောင်းလာပြီဆိုတော့ မိုး ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကို ပြန်လုပ်တာပါ၊ အခု ကိုနေတိုးနဲ့ မိုးနဲ့ ပြန်ပြီး ဆုံတာကလည်း ဒီတစ်ခါနဲ့ဆို (၅) ကားလောက်ရှိပြီး ရှေ့မှာလည်း သူနဲ့ ရိုက်ခဲ့တာတွေအားလုံး ပြောစရာမလိုအောင် လက်တွဲလို့ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ၊ သူက အရမ်းတော်ပြီး ကြိုးစားတဲ့သူလေ၊ မိုးနဲ့သူက တစ်ခုပဲရှိတယ်၊ ဇာတ်ကားက ဟာသဖြစ်နေတော့ ခက်တယ်ရှင့်၊ အပေးအယူမျှမှ ပိုလိုက်ဖက်မယ့် ဇာတ်မျိုးကို၊ အဲဒီတော့ အခက်အခဲတော့ အနည်းငယ် ရှိခဲ့ပါတယ်" ဟု မိုးဟေကိုက နေတိုးနှင့် လက်တွဲပြီး သရုပ်ဆောင်ရသည့်အပေါ် ပြောသည်။
သရုပ်ဆောင် မိုးဟေကို အနေနဲ့ ရုပ်ရှင်ဇာတ်ကားများကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးခဲ့ရသည်နှင့် ပတ်သက်ပြီး "မိုးကတော့ ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ပြီး ရိုက်ရတာ၊ ပိုပြီးတော့တောင် ကျေနပ်မိတယ်လို့ ခံစားရတယ်၊ အဲ့ဒါ ဘာလည်းဆို အရင်က မိုးမရိုက်ခဲ့ရတဲ့ ဇာတ်ကောင်လေးတွေ၊ ပရိသတ်ကို ချပြခွင့်ရတယ်၊ ကိုယ်တိုင်စိတ်ကြိုက် ဇာတ်ကိုရွေးပြီး ရိုက်လို့ရတယ်၊ နောက်ထပ်လည်း ပရိသတ်ကြိုက်နိုင်မယ့် ကားမျိူးတွေ မိုး ထုတ်သွားဖို့ ပြင်ဆင်ထားပါတယ်၊ ပရိသတ်ကလည်း မိုးထင်တယ်လေ၊ ဟာသကြီးပဲဆိုလည်း ရိုးသွားမယ်၊ ဒရမ်မာကြီးပဲဆိုလည်း ဒီအတိုင်းပဲ၊ အက်ရှင်ရော၊ ဒရမ်မာရော၊ ဟာသပါ တစ်ကားနဲ့ တစ်ကား မတူတဲ့ ရသလေးတွေပေးနိုင်မှာ၊ ကိုယ်ရော၊ ပရိသတ်ပါ ကြည့်ရကျိုး၊ ဖန်တီးရကျိူး နပ်မယ်လို့ မိုးထင်ပါတယ်" ဟု ဆိုသည်။
ကိုလင်း