တိုကျို ဇွန် ၁၅
အနောက်နိုင်ငံ လုံခြုံရေးမဟာမိတ်အဖွဲ့၏ စည်းဝေးပွဲသို့ တက်ရောက်သည့် ပထမဆုံး ဂျပန်ခေါင်းဆောင်တစ်ဦးလာရန် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)၏ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ယနေ့ပြောကြားသည်။
စပိန်နိုင်ငံ၏ မြို့တော်မက်ဒရစ်မြို့တွင် ကျင်းပပြုလုပ်မည့်နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ ဂျာမနီနိုင်ငံ စခလော့စ်အယ်လ်မောမြို့တွင် ဇွန် ၂၆ ရက်မှ ကျင်းပပြုလုပ်မည့်သုံးရက်ကြာ ဂျီ-၇ အဖွဲ့၏ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း ကီရှီဒါက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်း ပြောကြားလိုက်သည်။
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ ထိုးစစ်ဆင်မှုမှအစပြုလာသည့်စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံများက ဆက်လက် ရင်ဆိုင်နေသည့်အတွက် ယင်းထိပ်သီးအစည်းအဝေးများကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
လက်ရှိအနေအထားကို အတင်းအကျပ်ပြောင်းလဲရန် တစ်ဖက်သတ်ကြိုးပမ်းမှုဟူသမျှကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ခွင့်ပြုနိုင်ခြင်းမရှိသည့်အကြောင်းကို ထိပ်သီးအစည်းအဝေး များတွင် အလေးထားဖော်ပြရန် ရည်ရွယ်ထားကြောင်း ကီရှီဒါက ထပ်မံပြောကြားသည်။
ခေါင်းဆောင်များသည် ဇွန်လ ၂၉ ရက်နေ့မှ စတင်မည့်နှစ်ရက်ကြာ နေတိုးထိပ်သီးစည်းဝေး ပွဲအတွင်း မဟာမိတ်အဖွဲ့ ရင်ဆိုင်နေရသည့်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအား သတ်မှတ်သည့် မဟာဗျူဟာ အမြင်သဘောထားအသစ်ကို ထောက်ခံကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
နေတိုးမဟာမိတ်အဖွဲ့သည် ၎င်း၏ အာရှ-ပစိဖိတ် မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့ကိုလည်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ကိုးကား - ကျိုဒိုနယူးစ်
ဘာသာပြန် - ဂျေတီ