နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၂၀-၂-၂၀၂၃ ရက်မှအဆက်

[ ၁၀ ]

လပြည့်ဝန်း၏ အလင်းရောင်သည် ထန်းပင်များကြားဝယ် ထိန်ထိန်သာ လျက်ရှိလေသည်။

လေအဝှေ့တွင် တဲခေါင်းရင်းဘက်ရှိ တမာပင်မှ တမာပွင့်နံ့ကလေးသည် သင်းပျံ့၍လာသည်။

“ဇီးကွက် ဇီးကွက်”

ညဉ့်၏ တိတ်ဆိတ်နေခြင်းကို ညငှက်ဖြစ်သော ဇီးကွက်သံက ဖြိုခွင်းလိုက်လေသည်။

ဦးဖိုးခနှင့် ဒေါ်ဘုမတို့သည် တဲရှေ့ကွပ်ပျစ်ပေါ်တွင် ပြောင်းဖူးဖက်ဆေးလိပ် ကြီးကိုယ်စီဖြင့် စကားပြောနေကြသည်။ 

“ကိုအေးရေ၊ လာပါဦးကွယ့်”

တဲအတွင်း ခေါင်းရင်းဘက်တစ်နေရာရှိ ခုတင်ပေါ်တွင် မီးခွက်တစ်ခွက်ဖြင့် စာကြည့်နေသော ကိုအေးဆွေသည် ဒေါ်ဘုမ၏ခေါ်လိုက်သံကြောင့် တဲရှေ့သို့ ထွက်လာသည်။

“သားကို အမေတို့ စကားတစ်ခု ပြောချင်သယ်”

ကိုအေးဆွေသည် မိဘလုပ်သူများက ဤသို့ မိမိအား မခေါ်စဖူးခေါ်ပြီး အေးဆေး တည်ငြိမ်သော အသံ၊ လေးနက်သော အမူအရာဖြင့် စကားတစ်ခုပြောရန်အတွက် နိဒါန်းတွေ၊ ပလ္လင်တွေဖြင့် စလာခြင်းကြောင့် မည်သို့သော စကားများ ဖြစ်လေမည်နည်းဟု နားစွင့်နေမိသည်။
 
“ပြောပါအမေ၊ ကျွန်တော် နားထောင်နေပါတယ်”

“အမေလေ မနက်ကြီးက မင်းသူငယ်ချင်း မောင်လှကြည်မိဘများအိမ်က ပြန်လာသယ်”

“ဟုတ်တယ်လေ၊  ကျွန်တော့်ကိုပဲ အမေ့ကို ခဏလာလည်ပါဦးလို့ လှကြည် တို့အမေက မှာလိုက်တာပဲဟာ”

ကိုအေးဆွေသည် လှကြည်အိမ်သို့ ဝင်ထွက်သွားလာရင်း လှကြည်၏ မိဘများနှင့်ပါ ခင်မင်ရင်းနှီးနေသည်။ လှကြည် ၏ မိဘများကလည်း ကိုအေးဆွေ၏ ဘဝ၊ ကိုအေးဆွေတို့၏ အိမ်ထောင်စုအကြောင်းကို အတော်အတန် သိရှိထားလေသည်။

“အဲသဟာ အဝှာကိစ္စကြောင့် မှာလိုက်တာပေါ့”

ကိုအေးဆွေမှာ ဒေါ်ဘုမ၏ စကားကြောင့် နားရှုပ်လာသည်။ ဦးဖိုးခကမူ ဘာမျှဝင်မပြောချေ။ ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကိုသာ မီးများ ရဲခနဲ ရဲခနဲနေအောင် ဖွာရှိုက်နေသည်။

“ဘာလဲအမေ၊ ပြောပါ”

ကိုအေးဆွေက သိချင်ဇောဖြင့် မေးလိုက်သည်။

“ဒီလိုကွယ့် သားရဲ့၊ အနောက်ပြည်တော်သာကွက်သစ်လမ်းမ ပွဲစားတန်းက ပွဲစားကြီးဦးမြို့ဆိုတာ သိမှာပေါ့”

“ဟုတ်ပါ့၊ သိပါတယ်”

ပွဲစားကြီး ဦးမြို့အိမ်နှင့် လှကြည်မိဘ များအိမ်သည်  သုံးလေးအိမ်သာ ခြားသော အိမ်နီးချင်းများ ဖြစ်သည်။ ယင်းသို့ အိမ်နီးချင်းများဖြစ်၍လည်း ရင်းနှီးစွာဖြင့် နှစ်အိမ့်တစ်အိမ် ဝင်ထွက်သွားလာနေကြသည်။ ကိုအေးဆွေနှင့်ပင် ဦးမြို့မှာ မျက်မှန်းတန်းမိနေသည်။

“အဲသဟာပေါ့၊ ပွဲစားကြီး ဦးမြို့က မောင်လှကြည်မိဘများကို ပြောသတဲ့။ သားကို ရန်ကုန်က ဘီအေကျောင်းကြီး ဆိုလား ဘာဆိုလား၊ အဲဒီကျောင်းကြီး ကိုပို့ပြီး ကျောင်းထားပေးချင်သတဲ့”

ဆွေမတော် မျိုးမစပ်သော လူတစ်ဦးက မိမိအား ကျောင်းထားပေးချင်သည် ဆိုသောစကားကို ကြားရသောအခါ ကိုအေးဆွေမှာ အလွန်ဝမ်းသာသွားမိ၏။ သို့သော် နက်နဲစွာတွေးတော၍ အကြောင်းကို ရှာမိ၏။

ဘာကြောင့် ငါ့ကို ကျောင်းထားပေးချင် ရသလဲ။ ဆွေလည်းမတော်၊ မျိုးလည်းမစပ်၊ ငါနှင့်လည်း သိပ်ပြီးရင်းနှီးမှု မရှိပါဘဲလျက် ဘာ့ကြောင့် ငါ့ကို ကျောင်းထား ပေးချင်ရသလဲ” သည်အမေးကို ထပ်ခါတလဲလဲ မိမိကိုယ်ကိုမိမိ မေးကာ အဖြေ ရှာနေမိ၏။ စဉ်းစား၍ အဖြေထွက်မလာ နိုင်သည့်အခါ အမေတော့ အကြောင်းရင်း ကို သိပေလိမ့်မည်ဟု အောက်မေ့မိကာ မေးလိုက်၏။

“နေပါဦး အမေရဲ့၊ သူတို့က ဘာကြောင့် ကျွန်တော့်ကို ကျောင်းထားပေးချင်ရတာလဲ။ သူတို့နဲ့ ဘာမှလည်း တော်စပ်တာမှ မဟုတ်ပဲဟာ။ ပြီးတော့ ကျွန်တော် တို့က ဆင်းရဲသား ထန်းသမားသားသမီးပဲဟာ” 

“အေးလေ၊ သဟာကြောင့်ပေါ့”

“ဘာလဲ၊ အမေတို့ဟာက ကွေ့လည် ကြောင်ပတ်ကြီးနဲ့။ ကျွန်တော် နည်းနည်းမှ နားမလည်ပါဘူး။ ရှင်းရှင်းပဲပြောစမ်း ပါအမေရာ”

ကိုအေးဆွေမှာ ပို၍နားရှုပ်သွားသဖြင့် သူ့အမေအား ထပ်၍မေးလိုက်ပြန်၏။

ဤတွင်မှ တစ်ချိန်လုံးငြိမ်၍ဆေးလိပ် သောက်နေသော ဦးဖိုးခက ဝင်၍ -
“ကဲ ဘုမ၊ ရှင်းရှင်းပြောလိုက်စမ်း။ ငါ့သားက သူများနဲ့တူတာမျိုး မဟုတ်ဘူး။ ငါ့သားအကြောင်း ငါသာသိတယ်။ နောင်ခါကျ တို့စီမံတဲ့အတိုင်း ဖြစ်မလာရင် နင်ရောငါပါ မျက်နှာပျက်ကုန်ပြီး ခွေးလုံးလုံးဖြစ်မှာ။ ငါတို့သဘောကတော့ ငါ့သားဆန္ဒမယူဘဲ အတင်းအဓမ္မတော့ မလုပ်ပါဘူး။ မင်းသဘောတူတယ် ဆိုပါမှ လုပ်ကြမှာပါ။ ကဲ ဘုမ၊ ပြောလိုက်ကွာ”

ကိုအေးဆွေတွင်မူ ဦးဖိုးခပြောလိုက် သောစကားကြောင့် ပို၍ပင် နားထွေး သွားပြန်သည်။ ထိုကြောင့်လည်း ပြောတော့ မည့်ဟန်ပြင်နေသော ဒေါ်ဘုမ၏စကား ကိုသာ နားစိုက်နေမိသည်။

“ဒီလိုကွယ့်၊ ပွဲစားကြီး ဦးမြို့က မောင်လှကြည်မိဘများကို ပြောပြသတဲ့။ မင်းရဲ့ ဉာဏ်ကောင်းပုံတွေ၊ လိမ္မာပုံတွေကို သဘောကျပြီးတော့ ချစ်နေသတဲ့။ အဲသာ မင်းကို ဘီအေဆိုလား၊ ဘာဆိုလား၊ အဲသည့် ရန်ကုန်က ဘီအေကျောင်းကြီးကိုပို့ပြီး ပညာသင်ပေးမယ်တဲ့။ ကျောင်းက ထွက်လာတော့ သူ့သမီးနဲ့ လက်ထပ်ပေးစားမယ်တဲ့”

“အလို၊ မြတ်စွာဘုရား” ဟု ကိုအေးဆွေ က စိတ်ထဲမှနေ၍ တလိုက်မိသည်။ ရင်ထဲမှာလည်း တုန်လှုပ်သွားသည်။ အသားကလည်း မည်းမည်း၊ မျက်နှာ ပေါက်ကလည်းကျဉ်းကျဉ်း ဖြစ်နေသည့် အထဲတွင် ထော်၍နေသော နှုတ်ခမ်း၌ ရဲနေအောင် နှုတ်ခမ်းနီဆေးဆိုး ထားတတ်သည့် ရှစ်တန်းမှ ကျောင်းသူလေး ကြည်ကြည်မြအား မျက်စိထဲတွင် ကွက်ခနဲ မြင်မိသည်။

ထိုအခါ ကိုအေးဆွေသည် ပျံတန်တန် နန့်တန့်တန့်  ဆိုရှယ်ကျလွန်းသော ကြည်ကြည်မြနှင့် သိက္ခာရှိ၍ ယဉ်စစလေးလှနေသော ခင်သန်းဌေးကို အလိုလိုနေရင်း စိတ်ထဲက နှိုင်းယှဉ်လာမိသည်။ ကြည်ကြည်မြအား မည်သို့ပင် စိတ်ဝင် စားကြည့်သော်လည်း ကိုအေးဆွေမှာ ဘယ်လိုမှ စိတ်ဝင်စား၍ မရသလို နှစ်သက်မြတ်နိုး၍လည်း မရပေ။ နောက်ပြီးတော့ မိမိဘဝ တိုးတက်ကြီးပွားရေးအတွက် ထဘီနားမှီ၍ ပညာသင်ရမည်ဆိုလျှင် လူကြား၍မှလည်းမတော်၊ မိမိအစွမ်းအစလည်း ညံ့ဖျင်းရာကျလှသည်။

“ဘယ်လိုလဲ သား၊ သဘောကျရဲ့ မဟုတ်လား။ အမေတို့တော့ သား ကောင်းစားဖို့အတွက် စီမံလာခဲ့သာပဲ”

တွေးမိတွေးရာ တွေးနေမိသော ကိုအေးဆွေမှာ ဒေါ်ဘုမ၏ မေးလိုက်သံကြောင့် ဆတ်ခနဲ ဖြစ်သွားသည်။

“ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ် အမေ”

“ဘာလို့လဲ ငါ့သားရဲ့၊ အမေတော့ သားကောင်းစားဖို့ဆိုပြီး  တာဝန်ခံလာခဲ့သာပဲ။ အမေတို့ အနေနဲ့လည်း သားကို ကျောင်းဆက်မထားနိုင်တော့ ဘူးဆိုသာ သားကို ဘာများ အထူးပြောစရာလိုသေးလို့လဲ။ ခုလို သားကို ကောင်းစားအောင် ပညာသင်ပေးမယ့်လူ ပေါ်လာတော့ ဘယ်လောက် ဝမ်းသာဖို့ကောင်းလဲ။ ပြီးတော့ သား ကျောင်းနေတုန်းမှာလည်း အမေတို့ကို သူတို့တတ်နိုင်သလောက် ကြည့်ရှုပါ့မယ်လို့ ပြောသယ်ကွယ့်။ ဒီထက်ကောင်းတဲ့လူ ဘယ်များရှိသေးလို့လဲ။ နောက်ပြီးတော့ နောင်ခါမှာ မင်းက လူချမ်းသာ သမက်ဖြစ်သလို တို့ကလည်း လူချမ်းသာ ပွဲစားကြီးနဲ့ ခမည်းခမက်” 

“တော်စမ်းပါ အမေရယ်၊ ရှက်စရာကောင်းလိုက်တာ”

ဒေါ်ဘုမ၏ မစားရဝခမန်းပြောနေသော စကားများကို ကိုအေးဆွေက ခပ်ဆတ်ဆတ်လေသံဖြင့် ဖြတ်ချလိုက်သည်။

ကိုအေးဆွေ၏ ဟန့်တားချက်ကြောင့်ပြောတုန်း စကားတန်းလန်းကို ရပ်ထား လိုက်ရသော ဒေါ်ဘုမမှာ ရှိုးတိုးအမ်းတမ်းဖြင့် သားဖြစ်သူအား လှည့်ကြည့်လိုက်သည်။

သည်တော့မှ ဦးဖိုးခသည် လရောင်အောက်တွင် ထန်းတော မည်းမည်းအုပ်အုပ်များကို ငေး၍ မျှော်ကြည့်နေရာမှ ကိုအေးဆွေဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီးလျှင် -

“သဟာဖြင့် ငါ့သားက သဘောမကျဘူးပေါ့” ဟု မေးလိုက်လေသည်။

“ဟုတ်တယ် အဖေ၊ ကျွန်တော် သဘောမကျဘူး။ အမေပြောသလို ကျွန်တော်  ကောင်းစားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဒီလောက်လည်း လူစွမ်းလူစ မညံ့သေးပါဘူး။ ပြီးတော့ သူတို့သမီးနဲ့ ပေးစားပြီး ငွေဝယ်ကျွန်လိုလည်း ကျွန်တော် အဖြစ်မခံနိုင်ဘူး။ နောက်ပြီးတော့ သူတို့အသိုက်အဝန်းနဲ့ ကျွန်တော်နဲ့လည်း ကြာရှည်ကျ ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော့်ကို သူတို့က ပညာသင်ပေးထားရတာပဲ ဆိုပြီး အမြဲတမ်း အပေါ်စီးနဲ့ ဆက်ဆံနေမှာပါ။ ဒါ ထားပါတော့လေ၊ ကျွန်တော်က ခံနိုင်စေဦးတော့၊ အမေတို့အတွက် နောင်ရေးကို စဉ်းစားပါ။ အခုသာ သူတို့ လိုလားချက်မပြည့်ခင် အမေတို့ကို လိုက်လျောမှာ။ ကျွန်တော် ပညာတွေ ဘာတွေ တတ်မြောက်လာလို့ သူတို့သမီးနဲ့ မင်္ဂလာလည်းဆောင်ပြီးရော အမေတို့ကို အိမ်ရိပ်တောင်ဝင်ဖို့ ခွင့်ပေးမှာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် အမေ တို့လည်း ရင်ကွဲမှာပဲ။ ကျွန်တော့်အဖို့လည်း တစ်ဖက်က မိဘ၊ တစ်ဖက်က မယား၊ သားသမီးရှိလာရင် သားသမီး သံယောဇဉ်ကြောင့် မပစ်နိုင် မကွာနိုင်တာကတစ်မျိုးနဲ့ အားလုံး စိတ်မကောင်း ဖြစ်ကြရမှာ။ ဒီတော့ ကျွန်တော်က သဘောမတူဘူးလို့ အမေတို့ စကားပြန်လိုက်ပါ”

ကိုအေးဆွေက သူ့စကားကို ဖြတ်ထားသည်။ ဦးဖိုးခနှင့် ဒေါ်ဘုမတို့ကမူ သားဖြစ်သူ ကိုအေးဆွေပြောသွားသည့် စကားများကို စဉ်းစားရင်း ငေးနေကြသည်။

ဆက်လက်ဖော်ပြပါမည်။