နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၁၂-၆-၂၀၂၃ ရက်မှအဆက်

[ ၂၂ ]

မြို့နယ်လုံးဆိုင်ရာ ထန်းသမားညီလာခံကြီး ပြီးသည်နှင့်တစ်ပြိုင်နက် ကိုအေးဆွေတို့သည် ညီလာခံကြီးမှ ဆုံးဖြတ်အတည်ပြုလိုက်သည့်အတိုင်း တတိယအဆင့်ဖြစ်သော ဘုံထန်းတောစနစ်ဖြင့် “စုပေါင်းထန်းလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်း ကာ လုပ်ငန်း စတင်အကောင်အထည်ဖော်ကြသည်။

ထိုရက်ကာလအတွင်းမှာပင် ကိုအေးဆွေ တို့သည် တစ်ဖက်ကလည်း ပုပ္ပားတောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲကြီးသို့ ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်၍ ပြဿနာမျိုးစုံကို တင်ပြဆွေးနွေးနိုင်ရန် ကြိုးပမ်းရသည်။

ယင်းတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးမှာ ပုပ္ပားတောင်ဒေသ၊ ကျောက်ပန်းတောင်းမြို့နှင့် ဆည်ပေါက်ရွာအကြားတွင် ဖြစ်လေသည်။ ၎င်းကို တော်လှန်ရေးအစိုးရက ကြီးမှူးလျက် ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့မှ ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထိ ကျင်းပသည်။ ဤနှီးနှောဖလှယ်ပွဲသို့ ကိုအေးဆွေ၊ ဦးစံကျော်တို့အပါအဝင် ထန်းသမားဆယ်ဦးမှာ ဒေသဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် ရွေးချယ်စေလွှတ်ခြင်းခံရ၍ ဆွေးနွေးခွင့်ရသည်။

ဤကိုယ်စားလှယ်အဖွဲ့တွင် ကိုအေးဆွေသည် အဖွဲ့၏ ခေါင်းဆောင်တာဝန်ကိုယူကာ ထန်းသမားတို့၏ ပြဿနာအရပ်ရပ်များကို အကြိုဆွေးနွေး ပွဲများတွင်လည်းကောင်း၊ ညီလာခံသဘင်ခန်းမကြီးတွင်လည်းကောင်း တင်ပြဆွေးနွေးသည်။ ကိုအေးဆွေ တို့၏ တင်ပြချက်များကို သက်ဆိုင်ရာ တာဝန်ခံများကလည်း သက်ဆိုင်ရာသို့ တင်ပြပါမည်ဟူ၍ လည်းကောင်း၊ စဉ်းစားပါမည်ဟူ၍လည်းကောင်း၊ တတ်နိုင်သမျှ ကူညီပါမည်၊ စီစဉ်ပေးပါမည်ဟူ၍ လည်းကောင်း ပြန်လည်ရှင်းပြသွားသည်။

ကိုအေးဆွေတို့နည်းတူ မြင်းခြံခရိုင် တောင်သာမြို့နယ် လှည်းကူးမကျေးရွာမှ ထန်းသမားကြီး ဦးညီမောင်ကလည်း ၎င်းတို့နယ်ရှိ ထန်းသမား ၇ဝဝဝ နှင့် ထန်းပင်လေးသိန်းအတွက် ထင်းမီးလိုနေ၍ သစ်တောများမှ ထင်းခုတ်ခွင့်ကို တောင်းဆို တင်ပြ ဆွေးနွေးသွားသည်။ ကိုအေးဆွေတို့ကမူ သစ်တောတည်ရှိပုံတို့၏ အဖိုးတန်ပုံကို နားလည် သဘောပေါက်သဖြင့် ယင်းသို့ မတောင်းဆိုပေ။ ထန်းလျက်ကို ရေနံငွေ့ဖြင့် ချက်နိုင်ရန်အတွက်သာ ပုံစံမှန်စနစ်ကျသော ရေနံမီးဖိုကို အစိုးရကတီထွင် ၍ ထန်းသမားတို့အား အကြွေးစနစ်ဖြင့် ရောင်းချပါရန်၊ ရေနံကိုလည်း လိုသလောက် အလွယ်တကူရအောင် စီစဉ်ပေးပါရန် စသည်တို့ကို တင်ပြဆွေးနွေးလေသည်။

ထို့အပြင် ကိုအေးဆွေတို့ စုပေါင်းထန်းလုပ်ငန်း အဖွဲ့မှ မီးပုံပွဲတွင်ဝင်ရောက်၍ အမျိုးသမီး မြူအိုး ကောက်ယိမ်း၊ အမျိုးသား ထန်းတက်သမားယိမ်း စသည်ဖြင့် ထန်းလျက်ကဗျာလွတ်အကများ အမည်ပေးကာ ဆင်နွှဲကပြကြသည်။ အမျိုးသမီး မြူအိုးကောက်ယိမ်းတွင် ထွေးရီတစ်ယောက်လည်း ပါဝင်ခဲ့၏။ ထွေးရီ၏ ကဟန်ကကွက်ကလေးများမှာ သရုပ်ပါ အချိုးကျလှသဖြင့် လူတိုင်း၏ ချီးကျူးခြင်းကို ခံရသည်။

အမျိုးသား ထန်းတက်သမားယိမ်းကိုမူ လူထုပရိသတ်ကြီး၏ ပွဲတောင်းခြင်းကို မကြာခဏ ခံခဲ့ရသည်။ ယိမ်းမှာ ဟာသသီချင်းနှင့် ဟာသဆန်ဆန် ကကြိုးကကွက်များဖြင့် သီဆိုကပြခြင်းကြောင့် လူထုပရိသတ်ကြီးမှာ တဝါးဝါးဖြစ်နေသည်။ ပြပွဲလာ လူတိုင်း၏ပါးစပ်တွင် ပြောမဆုံးဖြစ်နေသည်။

ထို့အပြင် နှီးနှောဖလှယ်ပွဲကြီးမှာ ဆွေးနွေးပွဲ လုပ်ရုံသာမက ပျော်ပွဲရွှင်ပွဲ၊ ပြပွဲ ပြိုင်ပွဲများပါ ၄ ရက်လုံး ခင်းကျင်းပြသခဲ့သည်။ အစိုးရဌာနမှ ပြသောပြခန်းများ၊ ပုဂ္ဂလိကပြခန်းများ၊ ဈေးဆိုင်များ၊ ဇာတ်သဘင် အငြိမ့်ပွဲများ၊ ရုပ်ရှင်များ၊ နွားလှည်းပြိုင်ပွဲ၊ ဆိတ် နွားပြိုင်ပွဲ၊ သီးနှံပြိုင်ပွဲ၊ ဒိုးပတ် အိုးစည်ပြိုင်ပွဲများ စသည်ဖြင့် ပြေးပွဲပြိုင်ပွဲများမှာလည်း ကြည့်မကုန်အောင် ပေါလှသည်။ လူတွေကလည်း တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားလှသည်။ ထိုရက်အတွင်း ထွေးရီတို့ အမျိုးသမီးလေးများမှာ ပျော်မဆုံးဖြစ်နေသည်။

ထိုရက်များအတွင်း၌ ကျောင်းပိတ်၍ ပြန်ရောက်နေသော ခင်သန်းဌေးအား ပြပွဲ ပြိုင်ပွဲများသို့ လာကြည့်သည်ကို ကိုအေးဆွေက နှစ်ကြိမ်ပင်တွေ့လိုက်ရသည်။ တွေ့လိုက်တိုင်း ခင်သန်းဌေးက ကိုအေးဆွေအား လှိုက်လှိုက်ကလေး ပြုံးပြသွား တတ်သည်။ ထိုအခါ ကိုအေးဆွေ၏ရင်တွင် ဖိုခနဲဖြစ်ကာ တလှပ်လှပ်ဖြစ်၍ ကျန်ရစ်ခဲ့သည်။

သို့တစေ ဤအပြုံး၏နောက်ကွယ်ရှိ လျှို့ဝှက်ချက်ကိုမူ မည်သို့ဖြစ်လေသနည်းဟု အဖြေဖော် ထုတ်မိသည်။ လှောင်ပြုံးပေလား။

ထန်းသမားညီလာခံကြီးမှ ဆုံးဖြတ်ချက်များသည် ထန်းသမားလုပ်သားများအား ပြုံးပန်းများကို ပွင့်စေနိုင်သော်လည်း ထန်းပိုင်ရှင်တို့ဘက်မှာမူ ဒေါသမုန်တိုင်းများ ဆင်နေပေမည်။ ဤအသိုင်း အဝိုင်းမှ ခင်သန်းဌေးကလည်း မိမိအပေါ် မည်သို့ သဘောထားလေမည်နည်း။ ဆင်းရဲသားခေါင်းဆောင် သူရဲကောင်းကြီးဟု ထောမနာပြုကာ သရော်ပြုံးဖြင့် ငေါ့၍ပင်သွားလေသလား။

ယခုမှ ခင်သန်းဌေးကလည်း တက္ကသိုလ်ကျောင်းသူကြီး ဖြစ်လာ၍လားမသိ၊ ပို၍လှကာ ယဉ်လာသည်ဟု ကိုအေးဆွေစိတ်တွင် ထင်လာသည်။ ခင်သန်းဌေး၏ ဝတ်စားဟန်ပန်လေးများမှာ ခေတ်လည်းမဆန်၊ ခေတ်လည်းနောက်မကျဘဲ ရိုးရိုးနှင့် ယဉ်ယဉ်လေး ဝတ်စားထားသဖြင့် ကြည့်ကောင်းလှသည်။
ဤဂုဏ်၊ ဤအလှ၊ ဤအယဉ်တွေကြောင့် ကိုအေးဆွေ၏ရင်မှာ တနင့်နင့်ခံစားလာရသည်။ မိမိဘဝနှင့် ခင်သန်းဌေး၏ဘဝကိုလည်း နှိုင်းယှဉ် ကြည့်မိသည်။ ကြည့်မိတိုင်း အမြဲတမ်း စိတ်ပျက်အားငယ်ရသည်။ သူ့ဘဝအဆင့်အတန်း အရည် အချင်းများက တဖြည်းဖြည်း မြင့်တက်လာသော်လည်း မိမိဘဝအခြေအနေမှာမူ သာမန်လူတစ် ယောက်သာ ရှိသေးသည်။ သည်ကဲ့သို့ မိမိလို လူမျိုး တစ်ယောက်အား သူ့လို အထက်လွှာမှ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းတော်သူကြီးတစ်ယောက်က ဘဝခရီးဖော်အဖြစ် ထည့်၍စဉ်းစားမှ စဉ်းစားပါမည်လား။ သည်အထဲ မိမိကလည်း သူ့မိဘများနှင့် ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ ဒါကိုပင် စိတ်ခု၍ နေလေသလား။ ယခုတော့ ကိုအေးဆွေမှာ ဘဝင်မကျတော့ပေ။ တနုံ့နုံ့ဖြစ်နေတော့သည်။

တကယ်တော့ ကိုအေးဆွေသည် မူအရ ထန်းပိုင်ရှင်များကို တိုက်ခိုက်နေရသော်လည်း ခင်သန်းဌေး၏ ငြိုငြင်မှုကိုတော့ မခံလိုလှပေ။ 

သို့တစေ၊ ယခုတော့ ဘာများကောတတ်နိုင်ပါဦး မည်နည်း။

[ ၂၃ ]

ကိုအေးဆွေတို့သည် မိမိတို့၏ ဘုံထန်းတော စုပေါင်းလုပ်ငန်း ကိစ္စများကို တစ်ဖက်က လုပ်ဆောင်ရင်း တစ်ဖက်ကလည်း ပုပ္ပားနှီးနှော ဖလှယ်ပွဲတက်ရေးပါ နေ့မအား ညမအား လုံးပန်းခဲ့ရခြင်းကြောင့် မိမိတို့ ဘုံထန်းတော စုပေါင်း လုပ်ငန်းကို ဖိဖိစီးစီး မလုပ်ကိုင်နိုင်ခဲ့ချေ။ ယခုမှသာ မိမိတို့လုပ်ငန်းကို တက်သုတ်ရိုက်၍ အားစိုက် ခွန်စိုက် လုပ်နေကြရတော့သည်။

တကယ်တော့ ထန်းဖိုထန်းပေါ်လာပြီ မဟုတ်ပါလား။

ကိုအေးဆွေတို့၏ တတိယအဆင့်ဖြစ်သော စုပေါင်းထန်းလုပ်ငန်းအဖွဲ့တွင်  အသင်းဝင် ထန်းသမားပေါင်း ၅၃ ဦး ရှိသည်။ အားလုံး အသင်းဝင်များမှာ ကိုအေးဆွေတို့တဲစုနှင့် လက်ပံပင်ရွာထဲမှ အချို့ထန်းသမားများ ဖြစ်သည်။ ဤအထဲတွင် ကိုယ်ပိုင်ထန်းလေးတက်နေသော ထန်းသမား သုံးလေးဦး ပါလာသည်။

လုပ်ငန်း ကျယ်ပြန့်လာသည်နှင့်အမျှ တာဝန် ကလည်း များပြားလာသည်။ ထို့ကြောင့် အမှုဆောင် အဖွဲ့ကို ၁ဝ ဦးအထိ တိုးချဲ့ဖွဲ့စည်းရသည်။ အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးစံကျော် ကိုပင် ပြန်လည်တင်မြှောက်သည်။ ဒုဥက္ကဋ္ဌကိုမူ ဦးထွန်းဖေအား တင်မြှောက်ကြ၏။ အတွင်းရေးမှူး တာဝန်အဖြစ် ကိုအေးဆွေအားပင် ပြန်လည် တင်မြှောက်၍ တွဲဖက်အတွင်းရေးမှူးအဖြစ်ကိုမူ ဆယ်ရင်အား ရွေးချယ်ကြ၏။ ထို့နောက် ငွေထိန်း၊ စာရင်းစစ်၊ စည်းရုံးရေးမှူး၊ ပြန်ကြားရေးမှူး စသည်ဖြင့် သင့်လျော်ရာရာလူများကို ရွေးကောက်တင်မြှောက်ကြ၏။ အမှုဆောင်အဖွဲ့တွင် ဦးဖိုးခ လည်း အမှုဆောင်တစ်ဦးအဖြစ် ပါဝင်လာလေသည်။

ထို့နောက်တွင်မူ ထန်းတက်ရေးဌာန၊ မြူအိုးသိမ်းကောက်ရေးဌာန၊ ထန်းလျက်ချက်လုပ်ရေးဌာန၊ ထန်းနှင့်ဆိုင်သောကိရိယာများ ပြုပြင်ရေးဌာန၊ သိုလှောင်ရေးနှင့် ရောင်းဝယ်ရေးဌာန စသည်ဖြင့် အပိုင်း ၅ ပိုင်း ခွဲထားသည့်အတိုင်း ဌာန ၅ မျိုး ခွဲခြားထားလေသည်။ ၎င်းဌာနများတွင် ဌာနလုပ်ငန်းအလိုက် အဖွဲ့ငယ်လေးများ ဖွဲ့ရပြန်၏။

ထွေးရီတို့ကဲ့သို့ အပျိုအရွယ် အမျိုးသမီးကလေးများသည် လျင်မြန်ဖျတ်လတ်ကာ လုပ်အားများများ ပေးနိုင်သူကလေးများပီပီ မြူအိုးသိမ်းကောက်ရေး ဌာနတွင်လည်းကောင်း၊ ထန်းလျက်ခဲပြုလုပ်ရေး ဌာနတွင်လည်းကောင်း တာဝန်ယူကာ လုပ်ကိုင်ကြရသည်။

ထွေးရီသည် ထိုဌာနနှစ်ခုလုံးတွင် ပါဝင်တာဝန် ယူရသည့်ပြင် ထိုဌာနနှစ်ခုလုံး၏ အဖွဲ့အတွင်း ရေးမှူးအဖြစ်လည်း တာဝန်ယူရပြန်၏။ သူသည် လက်ပံပင် အလယ်တန်းကျောင်းမှ သတ္တမတန်း အထိ ပညာသင်လာခဲ့သူဖြစ်သဖြင့် ရေးတတ် မှတ်တတ်ရှိ၏။ ထို့ကြောင့်လည်း တစ်နေ့အတွင်း ထန်းရည် မြူအိုးပေါင်း မည်မျှ၊ ရွက်အိုးပေါင်း မည်မျှ ရသည်၊ ထန်းလျက်ပိဿာချိန်ပေါင်း မည်မျှရသည် ဟု စာရင်းများ ရေးမှတ်ရ၏။ ညပိုင်း စာရင်းချုပ်လျှင် သူသည် ကိုအေးဆွေအား နေ့စဉ်အမြဲ စာရင်းများ တင်ပြရ၏။

ဤကဲ့သို့ စုပေါင်းထန်းလုပ်ငန်းအဖွဲ့ ဖွဲ့၍ ဘုံထန်း တောလုပ်ငန်းကို လုပ်မည်ဟု ညီလာခံမှ ဆုံးဖြတ်ချက် ချထားသည့်အတိုင်း လုပ်ငန်းကို အကောင်အထည် ဖော်လာသောအခါ ထန်းပိုင်ရှင်များသည် ဒေါသူပုန် ထကာ ဆူပွက်ကုန်ကြတော့သည်။ အထူးသဖြင့် ငါးစုတစ်စုသာ ပေးမည်ဆိုသည်ကို မခံမရပ်နိုင် အောင် ဖြစ်နေကြသည်။

ထို့ကြောင့် ထန်းပိုင်ရှင်များက သူတို့ ထန်းသမား များအား ခေါ်ကာ မေးကြ မြန်းကြသည်။ အကယ်၍ ငါးစုတစ်စုသာပေးမည်ဆိုလျှင် သူတို့ထန်းများကို မချတော့ဟု ကတ်ဖဲ့ပြုလာကြသည်။ ထန်းတက် သမားတိုင်းအား ခေါ်ယူတွေ့ဆုံသော ထန်းပိုင်ရှင် တိုင်းသည် ကိုအေးဆွေအား လူပါးဝသည်၊ လူလည် လုပ်သည်၊ သူတို့ထမင်းအိုးခွဲသည်ဟုဆိုကာ ဆဲရေးတိုင်းထွာနေကြသည်ကို ကိုအေးဆွေက ကြားသိနေ ရ၏။

ခင်သန်းဌေး၏ မိဘများဖြစ်သော ထန်းပိုင်ရှင် ဦးမြမောင်၊ ဒေါ်လှတင်တို့ကလည်း ဦးဖိုးခအား ခေါ်ကာ ဤအတိုင်းသာမှန်လျှင် ထန်းကိုမချတော့၊ တခြားထန်းတက်မည့်သူကို လွှဲပြောင်းချမည်ဟု အကျပ်ကိုင်လာသည်။ ဆက်လက်ဖော်ပြပါမည်။