နွေဦးကာလမြူထသောအခါ

 

 

မောင်မောင်ဖြူ

 

၆-၃-၂၀၂၃ ရက်မှအဆက်

 

မျက်နှာချင်းဆိုင်   ကုလားထိုင်တွင်   ထိုင်ချ လိုက်ရင်း ခင်သန်းဌေးက မေးလိုက်သည်။

“ဟုတ်ပါတယ် ဌေးဌေး၊ ကျွန်တော်လည်း စိတ်မအား ကိုယ်မအားဖြစ်နေတာနဲ့ ဒီဘက်ကို မရောက်မိဘူး။ ခုမှပဲ ကိစ္စတစ်ခု တိုင်ပင်ဆွေးနွေး ချင်တာနဲ့ ဌေးဌေးဆီလာခဲ့တာ

 

ကိုအေးဆွေသည် ခင်သန်းဌေးကို ငေးစိုက်ကာ ကြည့်ရင်း ပြောလိုက်သည်။

 

“ကိုအေးဆွေကတော့လုပ်ပြီ။ ဌေးက ကိုအေးဆွေကို ဘယ်လိုအကြံဉာဏ်တွေများ ပေးနိုင်မှာလိုက်လို့။ ဌေးကိုများ လူလူသူသူလုပ်ပြီး လာများတိုင်ပင် နေတာကို

 

ခင်သန်းဌေးက ရယ်ကာမောကာဖြင့် ခပ်ရွှန်းရွှန်း လေးပြောလိုက်သည်။  ဒါကိုကြည့်၍ ကိုအေးဆွေပါ အလိုလို လန်းဆန်းလာသည်။

 

“ဒါကတော့ ဌေးဌေးရယ်၊ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးစရာရယ်လို့ ဒီရန်ကုန်မှာ အစ်ကိုအောင် ရယ်၊ ဌေးဌေးရယ် ဒီနှစ်ယောက်ပဲရှိတယ် မဟုတ် လား။ ပြီးတော့ ဌေးဌေးကို ကျွန်တော် မြင်ထား တာကလည်း သူလိုငါလို အမျိုးသမီးတစ်ယောက် အနေနဲ့ မြင်ထားတာမှ မဟုတ်ဘဲ။ ကျွန်တော် မြင်ထားတာက ...”

 

ကိုအေးဆွေက စကားကို ဖြတ်ထားလိုက်သည်။ ထိုစကားကြောင့် ခင်သန်းဌေး၏ ရင်ထဲတွင် ဖိုခနဲ ဖြစ်သွားကာ မည်သို့သော အဓိပ္ပာယ်ဖြင့် ပြောလေ သနည်းဟူသော စူးစမ်းသည့်အနေဖြင့် ကိုအေးဆွေ့ စကားကို စိုးရွံ့ရွံ့နှင့် နားထောင်နေသည်။

 

“ကျွန်တော်မြင်ထားတာက ဌေးဌေးဟာ အတတ်မျိုးစုံသင်ကြားရာ တက္ကသိုလ်နယ်မြေက ခေတ်ပညာတတ် လူအသိုင်းအဝိုင်းထဲမှာ ရောက်နေတဲ့ ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက် မဟုတ်လား။ နောက်ပြီး လာမယ့်နှစ်မှာဆိုရင် ဘီအေအီးဒီ ဆရာဖြစ်သင်တန်းပါ တက်မယ် ဆိုတော့ ဌေးဌေးဟာ မကြာသောကာလမှာ မြန်မာ ပြည်ကြီးရဲ့ အနာဂတ်ကို ဖန်တီးမယ့် ကလေးသူငယ် ပေါင်း မြောက်မြားစွာတို့ရဲ့ အသိဉာဏ်ကို ဖွင့်ပေး မယ့် ကျောင်းဆရာမလောင်းတစ်ယောက် မဟုတ်လား

 

သည်တော့မှ ခင်သန်းဌေးသည် သက်မလေးကို ချလိုက်ကာ ရင်အေးသွားသည့်အနေဖြင့် ပြုံးပြုံး လေးဖြစ်သွားသည်။

 

“ကိုအေးဆွေက ဌေးကိုသိပ်မြှောက်လွန်းတော့ ခေါင်းနဲ့အထက်နဲ့တောင် တက်ဆောင့်မိသွားပြီ။ သိပ်မမြှောက်ပါနဲ့ ကိုအေးဆွေ

 

ခင်သန်းဌေးသည် လက်တစ်ဖက်က သူ့ဦးခေါင်း ငယ်ထိပ်ကိုအုပ်ထားရင်း ခပ်သောသောလေး အရွှန်းဖောက်လိုက်သည်။

 

ရန်ကုန်ရောက်လာမှ သည်ကဲ့သို့ ရဲရဲတင်းတင်း နှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာသော ခင်သန်းဌေး ကို ကိုအေးဆွေက တွေ့မြင်လာသောအခါ အလိုလို ကျေနပ်လာသည်။ ထိုကြောင့်လည်း ကြည်ကြည် နူးနူးကြီး ပြုံးလိုက်သည်။

 

“တကယ်ပြောတာပါ ဌေးဌေးရယ်

 

“ကဲပါလေ၊ ဘယ်လိုကိစ္စမျိုးလဲဆိုတာကိုလည်း ပြောစမ်းပါဦး။ ဘုမသိ ဘမသိနဲ့

 

“အင်း၊ ပြောရမယ်ဆိုရင်လည်း အတော် ရှည်ရှည်ဝေးဝေး ပြောရမှာ။ ဒီအထဲမှာ အငြင်း ပွားစရာတွေလည်း ပါချင်ပါလာမှာ။ ဒီတော့ ဒီမှာ လူရှုပ်ပါတယ်။ ကမ္ဘာအေးဘုရားကို သွားရအောင်ပါ။ ဘုရားလည်းဖူးရင်းပေါ့။ နောက်တစ်ပတ်လောက် ရှိရင်ပြန်တော့မှာမို့  နောက်ဆိုရင် ရုတ်တရက် တော်တော်နဲ့ ဘုရားဖူးဖို့ ကြုံဖြစ်မယ် မဟုတ်တော့ဘူး

 

“ဟင် ကိုအေးဆွေ ပြန်တော့မယ်

 

ခင်သန်းဌေးက တအံ့တသြဖြင့် ကိုအေးဆွေကို စူးစိုက်၍ကြည့်ရင်း ဆိုလိုက်လေသည်။

 

“ဟုတ်ပါတယ်။ ဒါကြောင့်မို့ ဘာကြောင့် ပြန်ရတယ်ဆိုတဲ့အကြောင်းကို အသေးစိတ် ရှင်းပြချင်လို့၊ ပြီးတော့ လုပ်သင့် မလုပ်သင့် ဆိုတာကိုလည်း တိုင်ပင်ချင်တယ်။ ဘာ့ကြောင့်ဆိုတော့ ကျွန်တော့် ဘဝခရီးလမ်းကြောင်းပါ တစ်ခါတည်း ပြောင်းပစ် ရတဲ့ကိစ္စမို့ပါ။ ကဲပါ အဝတ်အစားသာ သွားလဲချေပါ။ ဟိုကျမှ အေးအေးဆေးဆေး စကားပြောရအောင်။ မနက်စာထမင်းလည်း ဟိုကျမှပဲစားကြတာပေါ့

 

[ ၁၄ ]

 

“ကိုင်း ဆိုစမ်းပါဦး ကိုအေးဆွေ၊ ဘယ်လိုအရေး အကြောင်းကိစ္စများ ပေါ်လာလို့လဲ

 

ခင်သန်းဌေးက ကိုအေးဆွေအား ကမ္ဘာအေး ကုန်းမြေသို့ရောက်၍ ထိုင်လျှင်ထိုင်ချင်း မေးလိုက် လေသည်။

 

အမှန်မှာ ခင်သန်းဌေးသည် အင်းလျားဆောင်မှ ထွက်လာသည့် အချိန်ကစ၍ ယခု ကမ္ဘာအေးသို့ ရောက်လာသည့်တိုင်အောင် ကိုအေးဆွေ ဘာ့ကြောင့်  ကျောက်ပန်းတောင်းသို့  ပြန်သွား မည်ကို အလွန်သိချင်နေသည်။ အင်းလျားဆောင် ဧည့်ခန်းမှာကတည်းက ပြန်မည့်အကြောင်းကို မေးခဲ့သော်လည်း  ကမ္ဘာအေးကျမှ အေးဆေး လွတ်လပ်စွာ ပြောကြပါစို့ဟု ကိုအေးဆွေက ဈေးကိုင် ထားလေသည်။ ထိုကြောင့်လည်း ပို၍ သိချင်နေသည်။

 

တစ်ဖန် လမ်းမှာတွင်ပင် ကိုအေးဆွေအား မေးမည်ဟု စိတ်ကူးမိသေး၏။ သို့သော် ဘတ်စ် ကားစီးခရီးသည်များသည်  တစ်လမ်းလုံးဆိုသလို ပူပူနွေးနွေးသတင်းဖြစ်နေသော  ယမန်နေ့က တော်လှန်ရေးအစိုးရက မြန်မာပြည်ရှိ ဘဏ်အားလုံးကို ရုတ်တရက် ပြည်သူပိုင်သိမ်း လိုက်ခြင်းဖြင့် ၎င်းအကြောင်းကို တအံ့တသြ စိတ်ဝင်စားစွာ ပြောဆို နေကြသည်။

 

အချို့ကလည်း ယနေ့ထုတ်သတင်းစာပါ အကြောင်းများနှင့် ဓာတ်ပုံသတင်းများကိုပါ ထောက်ပြပြီး ဝေဖန်နေကြသည်။ နိုင်ငံခြားအရင်းရှင် ကုမ္ပဏီကြီးများ မည်သို့ မျက်လုံးပြူးသွားပုံ၊ ဘဏ် လုပ်ငန်းပိုင်ရှင်ကြီးများ မည်မျှထိ တုန်လှုပ်ချောက်ချား သွားကြပုံ၊ ယောက်ယက်ခတ်နေကြပုံ စသော အကြောင်းများကို  တစ်ယောက်တစ်ပေါက်နှင့် အားရဝမ်းသာ ပြောဆိုနေကြသည်။ ဤမျှသော သတင်းဂယက်များကို ခင်သန်းဌေးကလည်း ရောယောင်၍ တအံ့တသြဖြင့် နားထောင်နေမိသည်။

 

သို့ပေမဲ့လည်း ကိုအေးဆွေ ပြန်မည့်ကိစ္စအတွက် သိချင်စိတ်ကား လျော့မသွားပေ။

 

“လုပ်သင့် မလုပ်သင့်ဆိုတာကိုလည်း တိုင်ပင် ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဘဝ ခရီးလမ်းကြောင်းပါ တစ်ခါတည်းပြောင်းပစ်ရမယ့် ကိစ္စမို့ပါဟူသော ကိုအေးဆွေ၏ စကားများက တွေးစရာဖြစ်နေသည်။

 

မိမိ ကျောက်ပန်းတောင်းမှာရှိစဉ်  ဦးမြို့တို့က ကိုအေးဆွေကို ကြည်ကြည်မြနှင့် လက်ထပ်စေကာ တက္ကသိုလ်သို့ ပို့မည်ဖြစ်ကြောင်း နားစွန်နားဖျား ကြားခဲ့ဖူးသည်။  သည်အတွက်ပင် ယခုတစ်ဖန် ထပ်၍စီမံရန် ခေါ်လေသလားဟု ခင်သန်းဌေးက စဉ်းစားလာမိ၏။ ထိုအခါ သူ့ရင်တွင်းဝယ် အမည်မဖော်နိုင်သော ခံစားမှုဝေဒနာတစ်ရပ်က အလိုလို ဝင်လာလေသည်။

 

“ပြောရမယ်ဆိုရင်တော့ အကြောင်းအမျိုးအမျိုး ကြောင့်ပေါ့လေ။ ဒါပေမဲ့ ဒီထဲက အဓိကအကြောင်း အရင်းကို ပြောရမယ်ဆိုရင်တော့ ရွာပြန်ပြီး ကိုယ့်မိဘရဲ့ လက်ငုတ် လက်ရင်းဖြစ်တဲ့ လုပ်ငန်းကိုပဲ ပြန်လုပ်တော့မလို့ဘဲ ဆိုပါတော့

 

“ဘယ့်နှယ် ကိုအေးဆွေ၊ ရွာပြန်ပြီး ဘာလုပ်မယ်

 

ရုတ်တရက် ကြားလိုက်ရသောစကားကို မယုံ ကြည်နိုင်ဟန်၊ နားမရှင်းဟန်ဖြင့် ခင်သန်းဌေးက ကောက်မေးလိုက်သည်။

 

“ရွာပြန်ပြီး ထန်းပဲတက်တော့မလို့

 

“အင့် အင်

 

ရုတ်တရက် ကြားလိုက်ရသော ကိုအေးဆွေ၏ အဖြေစကားကြောင့် ခင်သန်းဌေးမှာ အတော်ပင် တအံ့တသြ ဖြစ်သွား၏။ ထို့ကြောင့်လည်း ကိုအေးဆွေအား စူးစူးစိုက်စိုက် ကြည့်နေမိ၏။

 

“တကယ်ပြောနေတာလား ကိုအေးဆွေ

 

“အဟုတ်ကို တကယ်ပြောနေတာပါ

 

ကိုအေးဆွေက ဣန္ဒြေဖြင့် ခပ်တည်တည် ပြောနေခြင်းကြောင့် ခင်သန်းဌေးမှာ ယုံရမလို ဖြစ်သွားသည်။

 

“မဟုတ်တာ ကိုအေးဆွေရယ်၊ တစ်ချိန်ကတော့ ကိုအေးဆွေ အနာဂတ်ဘဝအတွက် ကြီးမားတဲ့ ရည်ရွယ်ချက်ကြီးနဲ့ စီမံကိန်းတွေချပြီး ရန်ကုန်ကို ရောက်လာပြီးမှတော့ ခုတစ်ခါ ရွာပြန်ပြီး ထန်းပဲ တက်တော့မယ်ဆိုတော့။ ပြီးတော့ မက်ထရစ် အောင်တဲ့လူတစ်ယောက်က ရွာပြန်ပြီး ထန်းတက် နေတယ်ဆိုရင်  လူကြားလို့မှမတော် ရယ်စရာကြီး ဖြစ်နေပါဦးမယ် ကိုအေးဆွေ

 

“ရယ်ချင်လည်း ရယ်ကြတော့ဗျို့။ ကျွန်တော် တော့ ဆုံးဖြတ်ပြီးပြီ။ ဒါပေမဲ့ အဲဒီရယ်တဲ့လူတွေ ကို ကျွန်တော်ကလည်း ပြန်ပြီး ဟားတိုက်ရယ်ရ ဦးမှာပဲ

 

“ဘာကိုရယ်မှာလဲ ကိုအေးဆွေ

 

ပြုံးထေ့ထေ့ဖြင့်  သရော်ပြုံး ပြုံးနေသော ကိုအေးဆွေ၏ဟန်ပန်ကို  ကြည့်ကာ ခင်သန်းဌေးက သိချင်ဇောဖြင့် မေးလိုက်သည်။

 

“ခက်တာပဲဗျာ။ လူတွေဟာ ကိုလိုနီခေတ်ဟောင်း ကအတွေးအခေါ်တွေ မပျောက်သေးဘူး ဌေးဌေး။ ခုကြည့်လေ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ စားသုံးကုန်ပစ္စည်း ထန်းလျက်ကို ထွက်ရှိလာအောင် လုပ်တဲ့ ကုန်ထုတ်လုပ်မှု ထန်းလုပ်ငန်းကိုတော့ အောက်ကျတယ်၊ ဂုဏ်နိမ့်တယ်ဆိုပြီး ရှုတ်ချတယ်၊ အထင်သေးတယ်၊  ရယ်စရာအဖြစ် မြင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို ဆယ်တန်းလောက်အောင် တဲ့ကောင်တစ်ယောက်က အထင်ကြီးတစ်ခွဲသားနဲ့ မြို့တက်လာပြီး အောက်တန်းစာရေးလေး ဘာလေး ရှာတယ်။ ဒါပေမဲ့  ခုထက်ထိ  မရနိုင်အောင်ဖြစ်နေ တယ်။ ဒါကိုတော့ ဘာလို့ မရယ်သလဲ။ ဒီလိုဆိုရင် ဒီဆယ်တန်းအောင်တဲ့ လက်မှတ်ကော ဘာများ အဓိပ္ပာယ်ရှိသေးလို့လဲ။  အင်း တော်တော်တော့ ရယ်စရာကောင်းတဲ့ ပညာရေးစနစ်ပဲ

 

တကယ်ပင် ကိုအေးဆွေက ဟက်ဟက်ပက်ပက် ရယ်မော၍ နေပေသည်။

 

“ဒါကတော့ ကိုအေးဆွေရယ်၊ စနစ်ကို အပြစ် တင်နေစရာ မလိုပါဘူး။ ကိုအေးဆွေညံ့လို့ ရှိပါလိမ့် မယ်။ အလုပ်လေး တစ်ခုမှ မည်မည်ရရ ဖြစ်အောင် မရှာနိုင်ဘူးဆိုတော့...”

 

“ဗျာ

 

ကိုအေးဆွေက ဖျတ်ခနဲကြည့်ရင်း ဆိုလိုက်သည်။

 

“ထားပါတော့လေ ကျွန်တော်ညံ့လို့ပဲ။ ကဲ ဒါဖြင့်ရင် ကျွန်တော့်ထက်တတ်တဲ့ ဒီဂရီရ ဘီအေကြီးတွေ တောင် အလုပ်ပေးမယ့်လူမရှိလို့ အောင်လက်မှတ် ကြီးတွေကိုင်ပြီး တလည်လည် ဖြစ်နေတာကိုတော့ ဘာပြောမလဲဟင်

 

ဆက်လက်ဖော်ပြပါမည်။