နွေဦးကာလမြူထသောအခါ

 

မောင်မောင်ဖြူ

 

ကိုအေးဆွေက   စိတ်ပါလက်ပါဖြင့်   အားပါးတရ ပြောချလိုက်သည်။ ထို့နောက် သူသည် ခင်သန်းဌေး ထံမှ တုံ့ပြန်ပြောဆိုဦးမည့်အခြေအနေကို အကဲ ခတ်နေလေသည်။

 

ခင်သန်းဌေးကမူ ရှေ့တူရူရှိ စက်ဝိုင်းသဏ္ဌာန် ပိဋကတ်တိုက် အဆောက်အအုံကြီးဆီသို့ ခပ်ငေးငေး ကြည့်နေရာမှ –

 

“ကိုအေးဆွေရယ်၊ ရှင်ပြောလိုက်တာကတော့ မစားရဝခမန်းပဲ။ ဌေးဖြင့် ကိုအေးဆွေအစား ရင်မောလိုက်တာ”

“ဌေးဌေးအနေနဲ့တော့ ရင်မောစရာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ စိတ်ဝင်စားပြီး စိတ်အားထက်သန် နေတော့ ဖြစ်မယ်လို့ထင်တယ်။ မဖြစ်ဖြစ်အောင် လည်း လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားတယ်”

 

“ဒီလိုဆိုတော့ ကိုအေးဆွေဟာ ဒီစုပေါင်းလုပ်ငန်း ကို သွားလုပ်ဖို့ သေချာနေပြီပေါ့”

 

ခင်သန်းဌေးသည် ကိုအေးဆွေကိုစိုက်ကြည့်ရင်း ပြောလိုက်ရာ  ကိုအေးဆွေကလည်း  သူ့ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်၏။

 

“ဒီလိုဆိုရင် ကိုအေးဆွေကို ဌေးအနေနဲ့ နောက်ဆုံး အကြံပေးချင်တယ်။ ဘာလဲလို့ဆိုရင် ကိုအေးဆွေ ဟာ  ဟိုမှာတုန်းက ဒီကို အလုပ်သွားရှာမယ်လို့ ဌေးဆီလာနှုတ်ဆက်တုန်းကလည်း ကိုအေးဆွေကို ဌေးပြောခဲ့ဖူးတာ မှတ်မိမှာပေါ့။ ကိုကံညွန့်တို့လို ကျောင်းဆရာသင်တန်း လျှောက်ပါလို့။ ဒီတုန်းကလည်း ကိုအေးဆွေဟာ ဌေးရဲ့အကြံပေးချက်ကို လက်မခံခဲ့ဘူး။ ဇွတ်ထွက်သွားတယ်။ ကဲ ဒီရောက်လာတော့ကော ကိုအေးဆွေ ပြောသလို ရည်ရွယ်ချက်တွေနဲ့ ပြည့်စုံသလား။ ခုထက်ထိ မည်မည်ရရ အလုပ်မရသေးလို့ မပြည့်စုံသေးဘူး မဟုတ်လား”

 

ကိုအေးဆွေကမူ ဘာမျှမပြောပေ။ တွေ၍နေသည်။

 

“ကဲ ခုတစ်ခါ လာပြန်ပြီ။ အခုလုပ်ငန်းကလည်း ဘယ်တော့အောင်မြင်မယ်ဆိုတာ တိတိကျကျ ပြောမရနိုင်တဲ့လုပ်ငန်း၊ မရေရာတဲ့စီမံကိန်းတစ်ခုပဲ ကိုအေးဆွေ။ ဒီမှာနေပြီး အလုပ်ဆက်ရှာတာကမှ တစ်နေ့မဟုတ်တစ်နေ့ ရဦးမယ်။ ခု မရသေးလည်း ကိုယ့်မှာ ဘာမှသိပ်ပြီး အကျိုးမထိခိုက်နိုင်သေးဘူး။ ဟိုလုပ်ငန်းသွားလုပ်တာက တကယ်လို့ မအောင်မြင်ရင် အများမှာ ထိခိုက်အကျိုးယုတ်ရသလို ကိုအေးဆွေမှာလည်း အချိန်ကုန် လူပန်းဖြစ်ပြီး နာမည်ပျက်သွားမှာ။ ဌေးပြောတာတွေကို သေသေ ချာချာ စဉ်းစားပါနော်”

 

ခင်သန်းဌေးသည် သူ့စကားဆုံးလျှင် ကိုအေးဆွေကို အကဲခတ်သလို ကြည့်နေသည်။ ကိုအေးဆွေ ကလည်း သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘိအလား ဆိုပြန်သည်။

 

“ကျွန်တော့်အပေါ် ဒီလို ဌေးဌေးက စေတနာတွေ ထားပြီး အကြံဉာဏ်ပေးတာကို ကျွန်တော် ဝမ်းသာ လို့ မဆုံးပါဘူး။ ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ချက်တွေ ပြန်မပြင်နိုင်တာကိုတော့ ဝမ်းနည်းပါတယ်။ ဌေးဌေးရဲ့ အကြံပေးချက်တွေ လက်မခံတာကို ခွင့်လွှတ်ပါ”

 

ခင်သန်းဌေးသည် သူ့အားတောင်းပန်သလိုလို ဟန်ပန်ဖြင့် ပြောဆိုနေသော ကိုအေးဆွေကို အသာ ကြည့်နေသည်။ ရင်ထဲမှာလည်း အမည်မဖော်တတ်သော ဝေဒနာတစ်ခုက အလိုလို ခံစားလာသည်။ နှစ်ဦးလုံးမှာ စကားပြတ်သွားပြီးလျှင် အတွေး ကိုယ်စီဖြင့် ဖြစ်နေကြလေသည်။

 

အတန်ကြာမှ ခင်သန်းဌေးသည် နေရာပြင်ထိုင်၍ အညောင်းဆန့်ရင်း လက်မှနာရီကို ကြည့်လိုက်သည်။ နာရီလက်တံများသည် ညနေပိုင်း ၄ နာရီကျော်ကို ပြနေသည်။ ပြန်ရန် အချိန်တန်ပေပြီ။

 

“ကဲ ကိုအေးဆွေ၊ ရှင်ဘယ်လိုဆုံးဖြတ်ချက်တွေ ချထားပေမယ့် ဌေးအနေနဲ့တော့ တားမြစ်သင့်ရင် တားမြစ်ရမှာပဲ။ ဒါနဲ့ နေပါဦး၊ ကိုအေးဆွေ ဟိုကို ဘယ်နေ့လောက်သွားမယ်လို့ ရည်ရွယ်ထားသလဲ”

 

“ကျွန်တော် လာမယ့်အပတ် တနင်္လာနေ့မှာ သွားမယ်လို့ သတ်မှတ်ထားတယ်”

 

“ဒီလိုဆိုရင် တစ်ပတ်လုံးလုံး အချိန်ရှိသေးတာပဲ။ ဒီတော့ ကိုအေးဆွေ၊ ဒီတနင်္လာနေ့မတိုင်မီအတွင်းမှာ သေသေချာချာ လေးလေးနက်နက် စဉ်းစားပါဦး။ နောက်တနင်္ဂနွေနေ့မှာ ထပ်ပြီးဌေးနဲ့ တွေ့ကြသေးတာပေါ့နော် ကိုအေးဆွေ။ ဌေးတော့ ကိုအေးဆွေ ခုလိုသွားတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် တအားလျော့သွားတာတော့ အမှန်ပဲလေ”

 

ခင်သန်းဌေး၏စကားက ဤတွင် အဆုံးသတ်သွားသည်။ အသံကလည်း ဝမ်းနည်းဆွေးမြည့်၍ တုန်တုန်ယင်ယင်လေး ဖြစ်နေသည်။ ထို့နောက်သူသည် ရှေ့တူရူ မိုးကောင်းကင်ပြင်ဆီသို့ ညှိုးနွမ်း သောမျက်နှာဖြင့် ငေးမျှော်ကြည့်နေလေသည်။

 

ဤသည်ကို မြင်လာရသောအခါ ကိုအေးဆွေတွင် အလိုလို ဝမ်းနည်းလာသလို ဖြစ်လာသည်။ မိမိ ပြန်သောအခါ မျက်စိသငယ်နှင့် ကျန်ရစ်ခဲ့မည့် ခင်သန်းဌေးအား အလိုလို ကြင်နာစိတ်တွေပွားကာ သနားလာသည်။ သည်လိုဆိုပြန်တော့လည်း ကိုအေးဆွေမှာ မိမိဆုံးဖြတ်ချက်များကို ပြင်ရင် ပြင်ရဦးမှာလားဟူသော အတွေးများက ဝင်လာပြန်သည်။

 

ယခုကဲ့သို့ ခင်သန်းဌေးက မပြန်ရန် အပြင်းအထန် ကန့်ကွက်နေသလို အစ်ကိုဝမ်းကွဲဖြစ်သူ ကိုအောင်ဖေ ကလည်း သူ့အားဖွင့်ပြောစဉ်က မပြန်ရန်သာ တားမြစ်ခဲ့သည်။ ယခုထိ ပြန်မည်ဆိုသည်ကို လုံးလုံး သဘောမတူဘဲ ကန့်ကွက်ဆဲ ရှိသေးသည်။

 

“ငါတော့ မင်း ဘယ်လိုပြောပြော ပြန်မလုပ်စေချင် ဘူး။ ဒီလို စုပေါင်းလုပ်ရရင် တစ်ယောက် တစ်ပေါက်နဲ့ ဖြစ်မယ်မထင်ပါဘူးကွာ။ ခဏလေးနဲ့ ပျက်သွားမှာပါ” ဟူ၍ တစ်မျိုး။

 

“ကဲ အေးဆွေ၊ မင်းကို ငါ ရှင်းရှင်းပြောရရင် မင်းလုပ်ငန်းကို သဘောမတူဘူး။ မအောင်မြင်တော့ မင်းသာ အမောအဖတ်တင် နာမည်ပျက်ရုံပဲရှိမှာ။ ပြီးတော့ ဒီမှာ အခွင့်အရေးပေါ်တာနဲ့ အလုပ်ရဖို့ဟာ လည်း အဲဟိုမှာ သက်သက်အချိန်သွားဖြုန်းပစ် လိုက်သလို ဖြစ်သွားမှာကိုလည်း မင်းတွေးမိရဲ့လား” ဟူ၍ တစ်ဖုံ။

 

“နောက်ပြီး မင်းကို အရပ်ကလူတွေကလည်း အလုပ်ကလေးတစ်ခုမှ ရအောင်မရှာနိုင်တဲ့ လူညံ့ တစ်ယောက်လို့ တစ်ယောက်တစ်ပေါက်နဲ့ ပြောကြ မှာ။ အပေါက်အစများတဲ့ လူအများကို စုစည်း ခေါင်းဆောင်ပြီး လုပ်ခဲ့ရိုးစဉ်လာ မရှိခဲ့ဖူးသေးတဲ့ စုပေါင်းထန်းလုပ်ငန်းကို လုပ်မယ်၊ လုပ်ဖို့ပြန်လာ တယ်ဆိုရင် အလုပ်မရှိ ချစ်တီးခေါင်း သန်းရှာ ဆိုသလို လုပ်တာပါကွာလို့ ဝိုင်းပြီး ဟားကြမှာ၊ အထင်အမြင်သေးကြမှာကိုကော မင်း စဉ်းစားမိရဲ့ လား” ဟူ၍ တစ်သွယ်။

 

“ဒီတော့ ငါ့အနေနဲ့ သားချင်းဆွေမျိုးတစ်ယောက်ရဲ့ ကူညီရမယ့်ဝတ္တရားအတိုင်း မင်းကို အစွမ်းကုန် တတ်နိုင်သလောက်ကူညီဖို့ ဝတ္တရား ငါ့မှာရှိတယ်။ မင်း အလုပ်မရမချင်း တို့အိမ်မှာစားနေ၊ ဘာမှ အားနာနေစရာ မလိုပါဘူးကွာ၊ ဟုတ်လား” ဟူ၍ စသဖြင့် ကိုအောင်ဖေ၏ အမျိုးမျိုးအဖုံဖုံ ဖျက်ဆီး တားမြစ်ချက်များကိုပါ ဖျတ်ခနဲ ကြားယောင်လာ သည်။ အလေးအနက်လည်း စဉ်းစားလာမိ၏။

 

ကိုအောင်ဖေကမူ ဆွေမျိုးသားချင်းလည်း ဖြစ်ပြန်၊ ရန်ကုန်တွင် မိမိ အလုပ်အကိုင်ရရှိရေးမှာ သူ့အနေဖြင့် တာဝန်ခံခေါ်ခဲ့သည်မို့ ယခုလို အလုပ် မရဘဲ ပြန်သွားမည်ဆိုပါလျှင် သူ့အနေဖြင့် တာဝန် မဲ့ရာ ကျချေမည်ကို ထင်မည်စိုးသဖြင့် ကန့်ကွက်နေ သည်မှာ သဘာဝကျပေသည်။

 

ယခုလို ခင်သန်းဌေးတစ်ယောက်က အပြင်းအထန် ကန့်ကွက်နေသည်မှာတော့ ဘာသဘော နည်း။ ငါမရှိတာနှင့် သူကဘာကြောင့် တအား လျော့ရသနည်း။

 

“ကဲ ဌေးတို့ ပြန်ကြရအောင်”

 

ငိုင်၍ ချာချာလည်အောင် တွေးနေမိသော ကိုအေးဆွေမှာ ခင်သန်းဌေး၏ ပြန်ရန် သတိပေး လိုက်သံကြောင့် ဆတ်ခနဲဆိုသလို သတိရှိလာတော့ သည်။ ယခုတော့ ကိုအေးဆွေသည် သူ၏ ပြန်ရန် ဆုံးဖြတ်ချက်ကို ပြင်ရကောင်းနိုးနိုးဖြင့် သဘာဝ မကျတော့ပေ။

 

စိမ်းလဲ့ ပြာမှိုင်းနေသော ပုပ္ပားတောင်ကြီးအား မြင်လိုက်ရလျှင်ပင် ကိုအေးဆွေ၏ရင်သည် အလိုလို အေးမြ၍သွားလေသည်။

 

တကယ်တော့လည်း ကိုအေးဆွေသည် ဤပုပ္ပားတောင်ကြီး၏ ခြေရင်းဝယ် မွေးလာသူပီပီ ငုတ်တုတ် ထိုင်နိုင်သည့် အရွယ်မှစ၍ သည်ပုပ္ပားတောင် ကြီးအား မြင်နေရသည်။ ထို့ကြောင့်လည်း ပုပ္ပား တောင်ကြီးသည် သဘာဝမိခင်ကြီးလို ဖြစ်ခဲ့သည်။ ခရီးဝေးကပြန်လာတိုင်း အမေ၊ အဖေတို့၏ ရင်ခွင် အောက်မှာ လဲလျောင်းလိုက်ရလျှင် တစ်ခါတည်း အမောပြေကာ စိတ်လက် ကြည်ရွှင်ချမ်းမြေ့၍သွား သလို ဤပုပ္ပားတောင်ကြီးအားလည်း ခရီးတော် တော်ဝေးမှ မြင်လိုက်ရသည်ဆိုလျှင်ပင် “ကိုယ့်အိမ် ကိုယ့်ယာသို့ ရောက်ပါပေါ့လား” ဟူသော အသိ စိတ်ကလေးက ရုတ်ခြည်းဝင်လာပြီး စိတ်အေးသွား ရစမြဲပင်။

 

နံနက်ခင်း နေရောင်ခြည်နုနုသည် ပြာမှိုင်းမှိုင်း ပုပ္ပားတောင်ကြီးအား ဆလိုက်မီးမောင်းကြီးများဖြင့် ထိုးထားဘိအလား တစ်တောင်လုံးသို့ ဖြာ၍ကျနေ သည်။ အချို့နေရာများတွင် နေရောင်ခြည်ဝါနုနုက စိမ်းလဲ့ရောင် တောင်သားမြေကို ထိုးလိုက်သည့် အခါတိုင်း ခရမ်းရောင်သို့ ပြောင်းလဲ၍ သွားနေသည်။

 

ပုပ္ပားတောင်ကြီးအား မမြင်ရသည်မှာ လပေါင်း များစွာ ကြာညောင်းလာပြီမို့လည်း ယခုကဲ့သို့ ထွက်ပြူစ နေရောင်ခြည်နုနုအောက်တွင် ကြည့်ရ သည်ကို ကြည့်၍မဝ၊ ရှု၍မဆုံးနိုင်လောက်အောင် ဖြစ်နေတော့သည်။

အမှန်တော့ ကိုအေးဆွေသည် ဆရာကြီးဦးလှဒင် အိမ်သို့ရောက်နေသည်မှာ ညကတည်းက ဖြစ်၏။ မီးရထားသည် ကျောက်ပန်းတောင်းဘူတာသို့ ညမှောင်မှ ရောက်သည်ဖြစ်ရာ ရွာထိအောင် မသွား တော့ပေ။ အမှန်ကလည်း စုပေါင်းထန်းလုပ်ငန်း အတွက် ဆရာကြီး ဦးလှဒင်နှင့် ဦးစွာတွေ့၍ အလွန် စကားပြော ဆွေးနွေးချင်နေသည် မဟုတ်လား။

 

ထိုကြောင့်လည်း ကိုအေးဆွေသည် ဆရာကြီး ဦးလှဒင်နှင့် တစ်ညလုံးလိုလို ကျေနပ်လောက်အောင် ဆွေးနွေးခဲ့သည်။ ယခု မိုးလင်းမှသာ လက်ပံပင်ရွာသို့ လာခဲ့၏။ ညကဆိုလျှင် ဆရာကြီးဦးလှဒင်မှာ သူ အလွန်လုပ်ချင်နေသော လုပ်ငန်းမျိုးကို လုပ်ရတော့ မည်ဖြစ်၍ အားရကျေနပ်စွာဖြင့် စိတ်ရောကိုယ်ပါ ဆွေးနွေးခဲ့သည်။

 

မြို့တော် ရန်ကုန်၊ အောက်ပုဇွန်တောင် ဘလုပ် မြေရပ်ကွက်ကလေး၌ နေရစဉ်က လေရှူရသည်မှာ မဝတဝ၊ ရှူရပြန်တော့လည်း မစင်နံ့၊ အပုပ်နံ့။ လမ်းထွက်ပြန်တော့လည်း ဓာတ်ဆီနံ့။ ဤသည် များကို မရှူချင်ပေမယ့်လည်း ကိုအေးဆွေမှာ ရှူနေရသည်။

 

ဆက်လက်ဖော်ပြပါမည်။