နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၇-၃-၂၀၂၃ ရက်မှအဆက်

သူသည် ရန်ကုန်ကရောက်သည့် နေ့မှစ၍ အဖေ ဦးဖိုးခအားလည်းကောင်း၊ ဦးစံကျော်အားလည်းကောင်း၊ အခြားတဲနီးချင်း ထန်းတက်သမားများအား လည်းကောင်း၊ ရွာထဲရှိ ထန်းသမား များအားလည်းကောင်း တစ်ဦးချင်း တစ်ဦးချင်း သွားရောက်တွေ့ဆုံ ဆွေးနွေးကာ စုပေါင်း၍ ထန်းတက်ကြရန် ပြောပြလေသည်။ အချို့က သဘောကျသော်လည်း အချို့ကမူ မဖြစ်နိုင်သောကိစ္စပါဟုဆိုကာ သဘော မကျချေ။ ထိုကြောင့်လည်း ကိုအေးဆွေ သည် စုပေါင်းထန်းလျက်ထုတ်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် ပြဿနာများကို အားလုံးဆွေးနွေးနိုင်ရန်အတွက် ဆရာကြီးဦးလှဒင်ကို ထန်းသမားများနှင့် တွေ့ဆုံပေးနေခြင်း ဖြစ်လေသည်။

ထို့နောက် ကိုအေးဆွေသည် စုရုံးရောက်ရှိလာသော လူများဘက်သို့ လှည့်လိုက်ကာ တစ်ဦးပြီးတစ်ဦး ဆရာကြီး ဦးလှဒင်နှင့် မိတ်ဆက်ပေးနေတော့၏။
“ဒါကတော့ ကျွန်တော့် အဖေပါ။ ရင်းနှီးပြီးမို့ အထူးမိတ်ဆက်စရာ မလိုပါဘူး။ ဟော၊ သူက ဦးစံကျော်ပါ။ သူက ဦးထွန်းဖေပါ။ သူက ဦးမာပါ။ သူက ကိုဖိုးလုံး။ သူက ကိုစံအေး။ သူက ကိုမောင်ပု။ သူက ကိုဆယ်ရင်” စသည်ဖြင့် ကိုအေးဆွေသည် ရောက်လာသည့် ထန်းသမား ၂ဝ ခန့်နှင့် တစ်ယောက်စီ မိတ်ဆက်ပေးလေသည်။

“ဆရာကြီး၊ အခု ရောက်လာတဲ့လူတွေဟာ အားလုံး ထန်းတက်သမားချည်းပါပဲ။ ကိုယ်ပိုင် ထန်းလေးတက်နေတဲ့ ဦးမာကလွဲရင် အားလုံး လူတွေဟာ ထန်းစုပေး၊ ထန်းလှည့်ဘက်နဲ့ တက်ရတဲ့သူတွေချည်းပါ။ သူတို့ကို ကျွန်တော် အတော်အတန်တော့ ပြောပြထားပြီးပါပြီ။ ဒါပေမဲ့ တချို့ သူတို့မေးတဲ့ကိစ္စတွေကျတော့ ကျွန်တော် ပြန်မဖြေနိုင်ဘူး။ အဲဒါ ဆရာကြီးက အသေးစိတ် ရှင်းပြပေးစေလိုပါတယ် ဆရာကြီး”

တစ်ဖန် ကိုအေးဆွေသည် ထန်းသမားကြီးများဘက်သို့ လှည့်လိုက်ကာ-
“အခု ဒီမှာရောက်လာတဲ့ ဦးလေးတို့ ကလည်း ဦးလေးတို့ မရှင်းတဲ့ကိစ္စမှန်သမျှကို အားမနာတမ်းမေးကြပါ။ ဘာမှ ငဲ့ကွက်အားနာနေစရာ မလိုဘူး။ ဦးလေးတို့ သဘောပေါက်မှ စုပေါင်းလုပ်ငန်းက လုပ်ဖြစ်မယ်မဟုတ်လား”

ထိုအခိုက် “လာ လာ၊ အရီးထွန်းဘော်” ဟု ဦးဖိုးခ၏ ပြောလိုက်သံကြားရသဖြင့် ကိုအေးဆွေသည် နောက်သို့လှည့်ကြည့် လိုက်၏။

“ဪ၊ ဘကြီးထွန်းဘော်ပါလား။ ကြွပါ။ ကြွပါ၊ ဒီရှေ့ကို” ဟု ကိုအေးဆွေက ပျာပျာသလဲ ဖိတ်ခေါ်၍ နေရာထိုင်ခင်း ပေးလေသည်။

“မင်းတို့ စည်းဝေးတာက စနေပလားကွ။ ညနေက မင်းတို့အမေနဲ့ ရွာထဲမှာ တွေ့တာနဲ့ မင်းအကြောင်းမေးတော့ မင်း ရန်ကုန်က ပြန်လာတဲ့အကြောင်း၊ ဒီနေ့ည ထန်းစုပေါင်းလုပ်ဖို့ စုဝေးတိုင်ပင်ကြမယ်ဆိုတဲ့အကြောင်း ပြောသွားလို့ ဘယ်လိုဟာမျိုးလဲလို့ နားထောင်ချင်တာနဲ့ ငါလည်းရောက်သခိုက်မို့ ထလာခဲ့တာပဲကွ”

ဘကြီးထွန်းဘော်က ရောက်မဆိုက် ပြောလိုက်၏။

“ကဲ၊ ဘကြီးထွန်းဘော်၊ ကွမ်း သုံးဆောင်ပါဦး” ဟု ဆိုကာ ကိုအေးဆွေ က ကွမ်းအစ်ကို ဘကြီးထွန်းဘော်ရှေ့သို့ ထိုးပေးလိုက်၏။

ညဦးလေသည် တဖြူးဖြူး တိုက်ခတ်လျက်ရှိသည်။ တစ်ခါတစ်ရံ လေက ပြင်းပြင်းတိုက်လိုက်လျှင် သံခွက်မီးတိုင် ရှည်မှ မီးတောက်ကလေးသည် တဝှစ်ဝှစ် မြည်နေသည်။ ဂျပန်မှန်အိမ်မီးခွက်မှ မီးတောက်သည်လည်း တစ်ခါတစ်ရံ ငြိမ်းလုမတတ် ဖြစ်၍သွားသည်။

တကယ်တော့ ကိုအေးဆွေသည် ယခုလို စုပေါင်းထန်းလုပ်ငန်းအတွက် ဆွေးနွေးရန်မှာ နေ့လယ်နေ့ခင်း မြင်မြင်ထင်ထင်၌ ပြုလုပ်ချင်သော်လည်း အလုပ်သမားများ ဖြစ်ကြသဖြင့် မအားမလပ်ကြချေ။ ယခုကဲ့သို့ ညပိုင်းကျမှသာ အားလုံး အားလပ်ကြသဖြင့် ဆရာကြီး ဦးလှဒင်အား ညအိပ်ပြီး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရပေသည်။

“ဆရာကြီး၊ ဟောဒါ စပယ်ပင်ရွာက ဒီရွာကို အလည်အပတ်ရောက်လာတဲ့ ထန်းတက်သမားဟောင်းကြီး ဘကြီး ထွန်းဘော်ပါခင်ဗျာ” 

ကိုအေးဆွေသည် ဆရာကြီးဦးလှဒင် နှင့် ဘကြီးထွန်းဘော်တို့အား တစ်ဦးနှင့် တစ်ဦး မိတ်ဆက်ပေးသည်။

“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျုပ်လည်း တစ်ချိန်တုန်းကတော့ ထန်းတက်သမားကြီးပေါ့။ ခုတော့ အသက်ကလည်း ခြောက်ဆယ်ကျော် လာတော့ သားများ ချွေးမများက မတက်ပါနဲ့တော့လို့ပြောတာနဲ့ ခုတော့ အငြိမ်းစား ထန်းသမားကြီးပေါ့ဗျာ။ ကျုပ်အနေနဲ့တော့ ခုခေတ်လူငယ်လေးတွေနဲ့ ယှဉ်ပြိုင်ပြီး တက်လိုက်ချင်သေး သပ”

ဘကြီးထွန်းဘော်သည် ဘာမဆို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သည့် ဓလေ့အတိုင်း သူ့စကားကို သောလုံး လေးညှပ်ကာ ပြောလိုက်၏။ တကယ်တော့ သူသည် အသက်ပင်ကြီးလာပြီ ဖြစ်သော်လည်း သန်တုန်း မြန်တုန်း ရှိသေးသည်။
“ကဲ ကဲ၊ မောင်အေးဆွေတို့ ပြောမယ့်ဟာသာ ဆက်ပြောကြပါ။ ထန်းတွေကို အများဘုံဆိုင်လုပ်ပြီး တက်မယ်ကြားတော့ ခပ်ဆန်းဆန်းရှိတာနဲ့ လာနား ထောင်တာ။ ဆက်ပြောပါ၊ ပြောပါ”

သည်တော့မှ ကိုအေးဆွေသည် စောစောက ပြတ်သွားသော သူ့စကားကို ပြန်ဆက်ပြန်သည်။

“ခုနကစကား ဘယ်ရောက်သွားမှန်း တောင် မသိတော့ဘူး။ အဲ အဲ ဒီလိုပါ။ အမှန်တမ်းက အခုလို လူတွေကို ဖိတ်ခေါ်ပြီး စုဝေးတိုင်ပင်တာဟာ အစည်းအဝေး မဟုတ်ပါဘူး။ တွေ့ဆုံပြီး တစ်ဦးနဲ့တစ်ဦး အကြံဉာဏ်တွေချင်း ဖလှယ်တာပါ။ ညှိနှိုင်းတိုင်ပင် ဆွေးနွေး တာပါ။ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကြောင့်မို့ ကျွန်တော် စောစောကပြောခဲ့သလို ဘာမဆို ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောဆိုဆွေးနွေး ကြပါ”

ပြီးလျှင် ကိုအေးဆွေသည် ဆရာကြီး ဦးလှဒင်ဘက်သို့ လှည့်လိုက်ကာ -
“ကဲ ဆရာကြီး၊ အခြေခံသဘောက စပြီးသာ ရှင်းပြစေလိုပါတယ်။ ဒါမှ အားလုံးသဘောပေါက်သွားအောင်”

ဆရာကြီး ဦးလှဒင်သည် ကိုအေးဆွေ ၏ စကားဆုံးလျှင်ပင် ချောင်းတစ်ချက် ဟန့်၍ နေရာပြင်ထိုင်လိုက်ပြီး တစ်လုံးချင်းပင် အခြေခံသဘောတရားများကို ရှင်းပြတော့သည်။

“ဒီနေ့ခေတ်ဟာ တောင်သူလယ် သမားတွေရဲ့ခေတ်၊ အလုပ်သမားတွေရဲ့ ခေတ် ရောက်နေပြီဆိုတာ ခင်ဗျားတို့လည်း သိနေပြီပေါ့။ ဒီအကြောင်းတွေ ဆိုရင် သတင်းစာတွေ၊ ရေဒီယိုတွေကနေပြီး ရေးသားပြောဆိုနေကြတော့ ဘယ်သူမှတော့ မသိစရာအကြောင်း မရှိတော့ပါဘူး။ အဲဒီ တောင်သူလယ်သမား၊ အလုပ်သမားတွေထဲမှာ ခင်ဗျား တို့ ထန်းသမားတွေလည်း အပါအဝင်ပါ။ လယ်သမားတွေဟာ လူတွေရဲ့ အဓိက အာဟာရဖြစ်တဲ့ ဆန်စပါးကို စိုက်ပျိုး ထုတ်လုပ်ကြတယ်။ ယာသမားတွေ ကတော့ မြေပဲ၊ နှမ်း၊ လူး၊ ဆပ်၊ ပြောင်း၊ ပဲမျိုးစုံ စတဲ့ အာဟာရအတွက် သီးနှံ ပင်တွေနဲ့ အဝတ်ထည်အတွက် ဝါဂွမ်း များကို စိုက်ပျိုးထုတ်လုပ်ကြတယ်။ တောင်သူတွေကျတော့ ဆေး၊ အာလူး၊ ငရုတ်၊ ကြက်သွန် စတဲ့ အခြားလူစား သုံးကုန် အသီးအရွက်၊ သစ်မြစ်၊ သစ်ဥ သစ်ဖုတွေကို စိုက်ပျိုးကြတယ်။

“အဲ ဒီလိုပဲ။ ခင်ဗျားတို့ကလည်း ဒီနေ့ မြန်မာပြည်မှာရှိနေတဲ့ လူတန်းစား မရွေး၊ ကလေး လူကြီးမကျန် လူတိုင်းလို စားသုံးကြတဲ့ “ထန်းလျက်” ဆိုတဲ့ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်တဲ့ ထန်းအလုပ်သမားတွေ ဖြစ်တယ်ဆိုတာကို ပထမသဘောပေါက်ဖို့ လိုပါတယ်။

“ကျွန်တော်ဆိုလိုတာက ခင်ဗျားတို့ ထန်းအလုပ်သမားတွေဟာလည်း တခြား ကောက်ပဲသီးနှံထွက်ကုန်ပစ္စည်းတွေကို ထုတ်လုပ်လိုက်တဲ့ တောင်သူ လယ်သမားတွေလို တိုင်းပြည်အတွက် ကုန်ထုတ်စွမ်းအားတွေကို တန်းတူ ရည်တူ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ “ထန်း အလုပ်သမား” တွေ ပါပဲလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

“ဒီနေရာမှာ ခင်ဗျားတို့ ထန်းသမား တွေဟာလည်း တခြားတောင်သူလယ် သမားတွေလို ကုန်ထုတ်စွမ်းအားတွေကို ဘယ်မျှအထိ ထုတ်လုပ်နိုင်စွမ်းရှိခဲ့ဖူး တယ်ဆိုတာကို နှိုင်းယှဉ်ကြည့်နိုင်ဖို့ ကိုးကားချက် နမူနာတစ်ခုကို ကြည့်ကြ ရအောင်”

ထို့နောက် ဆရာကြီး ဦးလှဒင်သည် အသင့်ရေးမှတ်ယူလာသော နှိုင်းယှဉ် ချက် စာရင်းဇယားများကို ပီသပြတ်သား စွာဖြင့် ရှင်းပြလေသည်။

“အခု ကျွန်တော် နှိုင်းယှဉ်ရှင်းပြ သွားတဲ့ အင်္ဂလိပ်ခေတ်ဟောင်း ဂျပန် ဝင်ခါနီး ၁၉၄ဝ၊ ၄၁ ခုနှစ်အတွက် စာရင်း ဇယားထဲမှာဆိုရင် ခင်ဗျားတို့ ထန်းသမား တွေရဲ့ “ထန်းလျက်” ဆိုတဲ့ ကုန်ထုတ် စွမ်းအား တန်ဖိုးငွေဟာ ကျပ်ငွေ ငါးဆယ့်ခုနစ်သိန်းခွဲကျော်ဖိုး ရှိပါတယ်။ တခြား တောင်သူလယ်သမားတွေ ထုတ်လုပ်တဲ့ စပါးတစ်မျိုးကလွဲလို့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်၊ ဆေး တို့ရဲ့ ကုန်ထုတ်စွမ်းအား တန်ဖိုးငွေကို ကြည့်မယ်ဆိုရင်လည်း သိန်းခြောက် ဆယ်ကျော်ဖိုးကနေပြီး သိန်းရှစ်ဆယ်၊ ကိုးဆယ်ကျော်ဖိုးထိပဲ ထုတ်လုပ်နိုင်ကြ ပါတယ်။ သိပ်ပြီး ကွာခြားချက်မရှိလှ ပါဘူး။

“ဒီနေရာမှာ စိုက်ပျိုးတဲ့ ဧကအနေနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် ကွာခြားနေပါ တယ်။ ထန်းပင်စိုက်ပျိုးထားတဲ့ ဧက ပေါင်းက ခြောက်သောင်းကျော်ပဲ ရှိပါ တယ်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်၊ ဆေး စိုက်တဲ့ဧကများကို ကြည့်မယ်ဆိုရင် ဧကတစ်သိန်းကျော်က နေပြီး ဧကလေးသိန်းကျော်ထိ စိုက်ပျိုး ပြီးမှ ထုတ်လုပ်ကြခြင်းဖြစ်ပါတယ်။

“အကယ်၍များ ဧကတစ်သိန်းကျော် က စိုက်ပျိုးထားတဲ့ထန်းပင်က “ထန်းလျက်” ကို ထုတ်လုပ်လိုက်ရမယ်ဆိုရင် တခြား ကောက်ပဲသီးနှံ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်၊ ဆေးတို့ထက် ကုန်ထုတ် စွမ်းအား တန်ဖိုးငွေဟာ တစ်ဆတိုးပြီး သိန်းတစ်ရာကျော်ဖိုးထိ ထွက်လာနိုင် စရာရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်။