မောင်တံငါ (M.Sc) (မွေးသု/မန်း)
မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးနှင့် ငါးအစာအာဟာရ
မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးအခြေအနေသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုခန့်ကပင် အရှိန်အဟုန်နှင့် တိုးတက်လာခဲ့ပြီး ငါး၊ ပုစွန်နှင့် ကဏန်း မွေးမြူရေးကန် စုစုပေါင်း ၄၉၈၉၃၆ ဧကရှိပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန်ချိန်ပေါင်း ၁၁၆၇ ဒသမ ၃၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသော စာရင်းအင်းကိန်းဂဏန်းအချက်အလက်များအရ သိရပါသည်။
ငါးအစာတွင် ရေသတ္တဝါတို့ အမျိုးအစားအလိုက် လိုအပ်သောအာဟာရဓာတ်များ ပြည့်မီအောင် ဖော်စပ် ကျွေးမွေးခြင်းနှင့် ရေအရည်အသွေး ထိန်းသိမ်းခြင်းတို့သည် ရေရှည်တည်တံ့ပြီး စဉ်ဆက မပြတ် မွေးမြူရေး လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရန် အရေးပါသောအချက်များဖြစ်ပေသည်။ ငါးမွေးမြူရေးလုပ်ငန်းများတွင် အစာ၏ကုန်ကျမှု စရိတ်သည် စုစုပေါင်း လုပ်ငန်းကုန်ကျစရိတ်၏ ၆၀ ရာခိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိမွေးမြူရေး လုပ်ငန်းများတွင် လုပ်ငန်းလည်ပတ်ရန်ပုံငွေအပေါ် မူတည်၍ မိရိုးဖလာ ကျွေးမွေးအသုံးပြုမှုနည်းလမ်းများ (ဥပမာ ပဲဖတ်၊ ဝါစေ့ဖတ်၊ ဖွဲနုမှုန့်ကို တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ရောစပ်ကျွေးမွေးခြင်း စသည်ဖြင့်) အသုံးပြုခြင်း၊ မွေးမြူထားသော ရေသတ္တဝါမျိုးစိတ်အလိုက် လိုအပ်သောအာဟာရ တန်ဖိုးကို သိပ္ပံနည်းကျ တွက်ချက်၍ ထုတ်လုပ်ထားသော ရေပေါ်စာအသုံးပြုခြင်း စသောနည်းလမ်းများဖြင့် အသုံးပြု ကျွေးမွေးလျက်ရှိပါသည်။ ထည့်သွင်းစဉ်းစားရမည်မှာ အစာမှ အသားပြောင်းလဲနှုန်း (Feed Conversion Ratio-FCR) ကောင်းမွန်မှသာလျှင် မွေးမြူသူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိစေနိုင်မည်ဖြစ်ပါသည်။
ပရိုတင်းအာဟာရဓာတ် ငါးစားသုံးမှု
မြန်မာလူမျိုးတို့၏ နေ့စဉအဓိကအခြေခံ အစားအစာများတွင်ပါဝင်သော အာဟာရဓာတ်များ အနက် ကာဗိုဟိုက်ဒရိတ်ဓာတ်အဖြစ် ဆန်နှင့် ပရိုတင်း (အသားဓာတ်)အဖြစ် ငါးတို့ပါဝင်သည့် အချက်မှာ ငြင်းနိုင်ဖွယ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် မိသားစုတိုင်း၏ အသုံးစရိတ်အဖြစ် ၁၉ ရာခိုင်နှုန်းသည် ဆန်ဝယ်ယူ သုံးစွဲခြင်းနှင့် ၁၄ ရာခိုင်နှုန်းသည် ငါးနှင့် ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းတို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာလူမျိုးများအနေဖြင့် ငါးနှင့်ရေထွက်ကုန်ပစ္စည်းများကို လူတစ်ဦးချင်း တစ်နှစ်စားသုံးမှုမှာ ၅၅ ကီလိုဂရမ်ရှိသဖြင့် နိုင်ငံပေါင်း ၁၇၈ နိုင်ငံတွင် အဆင့် (၁၀) နေရာတွင် ရပ်တည်နေကြောင်း စစ်တမ်းများအရ သိရပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် စစ်တမ်းများ၏ဖော်ပြချက်များအရ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း တစ်နှစ်ငါးစားသုံးမှုသည် ၆၇ ကီလိုဂရမ်အထိ တိုးမြှင့်စားသုံးကြောင်း သိရှိရပါသည်။
တစ်ဆက်တည်းမှာပင် ငါးဖမ်းဆီးခြင်းနှင့် မွေးမြူထုတ်လုပ်ခြင်းအခန်းကဏ္ဍသည် နိုင်ငံ၏ဝင်ငွေ တိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် အဓိကနေရာမှ အထောက်အကူပြုလျက် ရှိပြီး ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ်တွင် မွေးမြူရေးအခန်းကဏ္ဍ (Livestock and Fishery) သည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်(GDP) ၈ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အဆင့်(၄)နေရာတွင် ရပ်တည်ခဲ့ကြောင်း ထုတ်ပြန်ထားသော စာရင်းအင်းကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထားပါသည်။
အစာတွင် ငါးပေါင်းမှုန့်အသုံးပြုမှု
ယနေ့ခေတ်တွင် နိုင်ငံတကာရှိ အစာထုတ်လုပ်သည့်စက်ရုံများ၏ သိပ္ပံနည်းကျဖော်စပ်ထားသော စီးပွားဖြစ် အစာများတွင် ငါးပေါင်းမှုန့် (Fish Meal-FM) ကို အဓိကအသားဓာတ် အရင်းအမြစ်အဖြစ် ထည့်သွင်း အသုံးပြုလျက် ရှိပါသည်။ သို့ရာတွင် သဘာဝမှငါးဖမ်းဆီးရရှိမှု လျော့နည်းလာသဖြင့် စျေးကွက်လိုအပ်ချက် မြင့်မားသော်လည်း အကန့်အသတ်ဖြင့်သာ သုံးစွဲနေရခြင်း၊ စျေးနှုန်းမတည်ငြိမ်ခြင်းနှင့် မြင့်မားလာခြင်း၊ လူတို့စားသုံးရန်အပါအဝင် တိရစ္ဆာန်အစာနှင့် ရေသတ္တဝါအစာများတွင် ပြိုင်တူအသုံးပြုနေရခြင်း၊ နောင်ရေရှည်တွင် ငါးပေါင်းမှုန့် အသုံးပြုရန်ရရှိနိုင်မှု ကန့်သတ်ချက်တို့ကြောင့် ငါးများ၏ ကြီးထွားရှင်သန်နှုန်းကို မထိခိုက်စေရန်နှင့် အစာကုန်ကျစရိတ်လျှော့ချကာ စျေးကွက်တွင် စဉ်ဆက်မပြတ်ရရှိအသုံးပြုနိုင်မည့် စိုက်ပျိုး ရေးဘေးထွက်ပစ္စည်းများ (Agriculture by-products)၊ တိရစ္ဆာန်မှရရှိသည့် ဘေးထွက်ပစ္စည်းများ (Animals by-products)၊ ရေထွက်ကုန်များမှ ဘေးထွက်ပစ္စည်းများ (Fisheries by-products) တို့ကိုအသုံးပြု၍ တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝအစားထိုးခြင်း စသောလက်တွေ့ အသုံးချသုတေသနများကို နိုင်ငံတကာအပြင် ပြည်တွင်း၌လည်း ဆောင်ရွက်အသုံးပြုမှုများ ရှိနေပြီဖြစ်ပါသည်။
ငါးမွေးမြူရေးနှင့် စုပ်ခွက်ငါးအန္တရာယ်
ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ ငါးမွေးမြူရေးကန်များအတွင်း မွေးမြူထားသည့်ငါးများ ပြန်လည် ဖမ်းဆီးရာတွင် စုပ်ခွက်ငါးများ (ဒေသအခေါ်ပေါ်မူတည်၍ လေယာဉ်ပျံငါး၊ ငါးကျောက်ဖား၊ မြွေပွေးငါးခူဟု အမျိုးမျိုး ခေါ်ဝေါ်ကြပါသည်။) ကျူးကျော်ဝင်ရောက်နေကြခြင်းကိုတွေ့ရှိနေရပြီး မွေးမြူထားသောငါးများ၏ အစာမှ အသားပြောင်းလဲနှုန်းသည် ကျဆင်းနေသဖြင့် ငါးမွေးမြူရေးထွက်ကုန်များနည်းပါး၍ စီးပွားရေးကျဆင်း လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။ စုပ်ခွက်ငါးမျိုးစိတ် (Pterygoplichthys spp: Suckermouth armored catfish) သည် ငါးမွေးမြူထုတ်လုပ်ရေးသာမက သဘာဝဂေဟဗေဒစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိပါသည်။ တည်ဆဲငါးမွေးမြူခြင်းဆိုင်ရာဥပဒေများတွင် ခွင့်ပြုချက်မရှိဘဲ ငါးအရှင်ကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်းမှ ပြည်ပသို့တင်ပို့ခြင်းဆိုသော တားမြစ်ချက်ကို ဖော်ပြထားပြီးဖြစ်သလို စုပ်ခွက်ငါးမျိုးစိတ်ကို အန္တရာယ်ရှိသော ကျူးကျော်ငါးမျိုးအဖြစ် သတ်မှတ်၍ ၎င်းငါးမျိုးစိတ်သည် မြန်မာနိုင်ငံ အတွင်းရှိ ရေချိုရေပြင် ဂေဟစနစ်တစ်ခုလုံးကို ပျက်စီးစေနိုင်သည့်အပြင် တိုင်းရင်းငါးမျိုးစိတ်တို့ကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် စုပ်ခွက်ငါးမျိုးစိတ်နှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းခြင်း၊ သားဖောက်ခြင်း၊ မွေးမြူခြင်း၊ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝရေပြင်များအတွင်းသို့ လွှတ်ခြင်းများနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန်အတွက် တားမြစ်ချက်များ၊ ကြေညာစာများလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
စုပ်ခွက်ငါးမျိုးစိတ်၏ ဆိုးကျိုးများ
စုပ်ခွက်ငါးမျိုးစိတ်သည် မျိုးစု (Genus) Pterygoplichthys နှင့် မျိုးရင်း(Family) Lori-cariidae တွင်ပါဝင်ကာ ဒေသရင်း မဟုတ်သော ငါးအုပ်စုတွင်ပါဝင်ပြီး (Exotic fish groups) အပူပိုင်းဒေသနှင့် အပူလျော့ပိုင်း ဒေသများတွင် (Tropical and Subtropical) ပျံ့နှံ့ကျက်စားကြပါသည်။ ၎င်းတို့၏မူရင်းဒေသသည် တောင်အမေရိကတိုက် (အဓိကအားဖြင့် ဘရာဇီးနှင့် ပီရူးနိုင်ငံတို့ရှိ အမေဇုန်မြစ်ဝှမ်းဒေသ) ဖြစ်ပြီး သုတေသနစစ်တမ်းများအရ တိုက်ကြီးငါးတိုက်နှင့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ အလှမွေး ငါးမွေးမြူ ရောင်းဝယ်ရေး (Aquarium trade) မှတစ်ဆင့် ကန်သန့်ရှင်းရေးငါးအဖြစ် ရောက်ရှိလာကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ စုပ်ခွက်ငါးမျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၉၈၃ မျိုးခန့်ရှိကာ အစုံစား သတ္တဝါမျိုးစိတ်ဖြစ်ပြီး အလွန်တရာရေညစ်ညမ်းသည့် ပတ်ဝန်းကျင်အခြေအနေမှာပင် ရှင်သန်နိုင်စွမ်း ရှိကြပါသည်။ ၎င်းတို့ရောက်ရှိ ရှင်သန်ပေါက်ပွားနေထိုင်ကြသည့် ရေပြင်များအတွင်းရှိ အခြားသော ငါးမျိုးစိတ်များ၏ ဥများ၊ သားလောင်းများကိုလည်း စားသောက်ကြပါသည်။ ထို့အတူ စုပ်ခွက်ငါးများသည် ဒေသရင်း ငါးမျိုးစိတ်များ၏ ငါးများကျက်စားရာဧရိယာများ၊ ဥချသားပေါက်ရာ နေရာများ၊ ဂေဟဗေဒစနစ်အရ အရေးပါသော နေရာများကို တွင်းတူးဖျက်ဆီးတတ်လေ့ရှိသဖြင့် သဘာဝရေပြင်များအတွင်းရှိ ငါးများနှင့် မွေးမြူ ထားသောငါးများ၏ ကြီးထွားနှုန်း၊ မျိုးရည်ဖွံ့ဖြိုးမှုနှင့် သားပေါက်ခြင်းများကို ဆိုးကျိုးသက်ရောက်စေသော ငါးမျိုးစိတ်ဖြစ်ပေသည်။
ယခုကဲ့သို့ အလျင်အမြန် ပြန့်ပွားလာရခြင်းမှာ ယေဘုယျအားဖြင့် အလှမွေးငါးကန်များ သို့မဟုတ် ရေလျှံသည့် အချိန်များတွင် မွေးမြူထားသောနေရာများမှ လွတ်မြောက်လာခြင်း၊ အချို့သော အလှမွေးဝါသနာရှိသူများက အဆိုပါစုပ်ခွက်ငါးသည် အလှမွေးငါးကန်အတွင်း အရွယ်အစား သိသာစွာကြီးထွားလာသည့်အချိန်တွင် ဆက်လက်မွေးမြူလိုခြင်းမရှိသဖြင့် သဘာဝရေပြင်များဖြစ်သော မြစ်၊ ချောင်းများအတွင်းသို့ လွှတ်ခြင်း၊ အချို့မှာ သဘာဝရေပြင်ဂေဟဗေဒစနစ် ပျက်စီးစေရန် ရည်ရွယ်ချက်မရှိသော်လည်း အသိပညာဗဟုသုတ နည်းပါးသဖြင့် ဘေးမဲ့ငါးလွှတ်သည်ဟုဆိုကာ ပြုမူဆောင်ရွက်မိခြင်းတို့ကြောင့် သဘာဝရေချိုရေပြင်များတွင် ပေါက်ပွားကျက်စား ကြီးပြင်းလာခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် စုပ်ခွက်ငါးဥ၊ သားလောင်း သားပေါက်များ ပါရှိနေသည့်ရေကို ငါးမွေးမြူရေးကန်များအတွင်းသို့ ထည့်သွင်းအသုံးပြုရာမှတစ်ဆင့် ယခုအခါတွင် ငါးမွေးကန်များအတွင်း အကောင်ရေ သိသာစွာပွားများလာသည်ကို တွေ့ရှိနေရပါသည်။ ထို့အတူ တစ်ကြိမ်တစ်ခါမျှ သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်းသို့ လွှတ်မိရုံဖြင့် နောင်အခါတွင် ပြန်လည်ဖယ်ရှားရန် အင်မတန်ခက်ခဲသောအန္တရာယ်ရှိသည့် ငါးမျိုးစိတ်တစ်မျိုးလည်းဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါငါးမျိုးစိတ်ကို သဘာဝရေပြင်များနှင့် ငါးမွေးမြူရေးကန်များအတွင်းမှ အကောင်ရေ လျှော့ချနိုင်ရန် သို့မဟုတ် အပြီးတိုင် ဖယ်ရှားရှင်းလင်းနိုင်ရန် မွေးမြူရေးငါးများ၏ အစာအဖြစ် ပြန်လည် အသုံးပြုနိုင်မည်ဆိုပါက မွေးမြူသူများအတွက် စီးပွားရေးဝင်ငွေ ပိုမိုတိုးတက်စေမည့်အပြင် အစာ ကုန်ကျမှုစရိတ်ကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။
စုပ်ခွက်ငါးမျိုးစိတ်ကိုပြုပြင်၍ ပြောင်းလဲအသုံးချမှု
စုပ်ခွက်ငါးများသည် ကြမ်းတမ်းမာကျောသော အကြေးခွံပါရှိသဖြင့် အသားစားသတ္တဝါများပင်လျှင် ၎င်းတို့ကို အန္တရာယ်မပြုနိုင်သည့်အပြင် ပြင်ပသွင်ပြင်ပုံစံဆိုးရွားခြင်းနှင့် အသားအနည်းငယ်သာ ပါရှိခြင်းတို့ကြောင့် မြန်မာလူမျိုးများစားသုံးလေ့ မရှိသော်လည်း အချို့ဒေသများ၊ နိုင်ငံများတွင်မူ စားသုံးလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ အခြားသောနိုင်ငံများတွင် စုပ်ခွက်ငါးမျိုးစိတ်ကို ပြုပြင်၍ ပြန်လည်အသုံးပြုခြင်းအား ငါးခြောက် ဆားနယ်၊ ငါးပိ၊ ငါးဘီစကွတ်၊ ငါးပေါင်းမှုန့်၊ ကြက်စာ၊ ကော်လာဂျင်၊ အသားဓာတ်မြင့်မားစွာ ပါဝင်အောင် ပြုပြင်ပြောင်းလဲရာတွင် ထည့်သွင်းခြင်း၊ ငါးအမိုင်နိုအက်စစ် မြေသြဇာပြုလုပ်ခြင်း စသောသုတေသနများအား စမ်းသပ်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အသားခြောက်များကို အိမ်မွေးကြောင်စာ၊ ခွေးစာများအဖြစ် အသုံးချလျက်ရှိကြောင်း သိရှိရပါသည်။
ငါးစာ အစားထိုးသုတေသန
စုပ်ခွက်ငါး၏အသားကို အစာမှုန့်အဖြစ် ပြုပြင်ပြောင်းလဲကာ ငါးခူမျိုးစိတ်၏ ကြီးထွား ရှင်သန်နှုန်း၊ အစာမှ အသားပြောင်းလဲနှုန်းနှင့် သိပ္ပံ နည်းကျတွက်ချက်ကာ ဖော်စပ်စာတွင် အစားထိုး အသုံးပြုခြင်းဖြင့် အစာစရိတ် လျှော့ချနိုင်ရန်တို့ကို ရည်ရွယ်၍ မွေးမြူရေးသုတေသနဦးစီးဌာန၌ သုတေသနဆောင်ရွက်ခဲ့ပါသည်။
ကိုယ်အလေးချိန် ၁၅၀-၂၀၀ ဂရမ်ကြား (၉-၁၂ ကျပ်သားဝန်းကျင်) အရွယ်ရှိ စုပ်ခွက်ငါး အရှင်ကောင်များကို စုဆောင်းပြီး ငါးများ၏ ကိုယ်တွင်း အင်္ဂါများနှင့် ဆူးတောင်များကိုဖယ်ရှား၍ ကျောဘက်အရေပြားကိုခွာကာ ကိုယ်တွင်းရှိ အသားနှစ်မြောင်းကိုသာ သီးသန့်စုစည်းအသုံးပြုပါသည်။ စုပ်ခွက်ငါးအသားများကို လက်မဝက်ခန့် အတုံးအသေးလေးများဖြစ်စေရန် ဖြတ်တောက်ပြီး အပူချိန် ၄၁ စင်တီဂရိတ်ရှိသော သဘာဝနေရောင် အောက်တွင် နှစ်ရက်ကြာအခြောက်လှန်းရပါမည်။ ထို့နောက် စုပ်ခွက်ငါးအသားမှုန့်များ သီးသန့်ရရှိ စေရန်နှင့် ငါးစာတွင် ထည့်သွင်းရောစပ်ပါက အစာခြေဖျက်နှုန်း ကောင်းမွန်စေရန်အတွက် ကြိတ်ခြေစက်ဖြင့် ကြိတ်ခြေပြီးနောက် ဆန်ခါပေါက် အရွယ်အစား သုည ဒသမ ၄ မီလီမီတာဖြင့် ဆန်ခါတိုက်ရပါမည်။ ရရှိလာသော စုပ်ခွက်ငါးအသားမှုန့်များကို လေလုံအိတ်ထဲထည့်၍ အစာအရည်အသွေး မပြောင်းလဲစေရန် အပူချိန် ခုနစ်စင်တီဂရိတ်ရှိ ရေခဲသေတ္တာအတွင်း၌ သိမ်းဆည်းရပါမည်။ ထုတ်လုပ်ရရှိနိုင်မှုအနေဖြင့် စုပ်ခွက်ငါး အသားအစို တစ်ကီလိုဂရမ် (၆၁ ဒသမ ၃ ကျပ်သား)တွင် အသားမှုန့် ၂၀၀ ဂရမ် (၁၂ ဒသမ ၃ ကျပ်သား) ရရှိနိုင်ပါသည်။
စုပ်ခွက်ငါးအသားမှုန့်တွင်ပါဝင်သော အာဟာရ တန်ဖိုးနှင့် အစာဖော်စပ်ခြင်း
စုပ်ခွက်ငါးအသားမှုန့်တွင် ပါဝင်သော အာဟာရ တန်ဖိုးများမှာအသားဓာတ် ၆၅ ဒသမ ၉ ရာခိုင် နှုန်း(Crude protein)၊ အဆီဓာတ် ၅ ဒသမ ၅ ရာခိုင် နှုန်း (Crude lipid)၊ အစိုဓာတ် ၈ ဒသမ ၈၅ ရာခိုင်နှုန်း (Moisture)နှင့် စုစုပေါင်းပြာဓာတ် ၇ ဒသမ ၅ ရာခိုင်နှုန်း (Total ash) ပါဝင်သဖြင့် အာဟာရဓာတ် တန်ဖိုးမြင့်မားသော အစာအမျိုးအစားဖြစ်ပါသည်။
သုတေသနပြုကျွေးမွေးဆောင်ရွက်မည့် ငါးခူမျိုးစိတ်အတွက် လိုအပ်သော အာဟာရဓာတ်များ ပါဝင်စေရန်နှင့် အစာအုပ်စု အသီးသီးတွင်တူညီသော အသားဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁၀ ရာခိုင်နှုန်း ရရှိစေရန် ဖော်စပ်ခဲ့ပြီး ငါးပေါင်းမှုန့်အစား စုပ်ခွက်ငါး အသားမှုန့်ကို သုညရာခိုင်နှုန်း၊ ၁၅ ရာခိုင် နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းဟူ၍ မတူညီသော အစားထိုးပမာဏအသီးသီးဖြင့် ထည့်သွင်းဖော်စပ်အစာများကို အစာညှစ်စက် အတွင်းထည့်ကာ ရေမြုပ်အစာတောင့်များရရှိစေရန် နေရောင်ဖြင့် နှစ်ရက်ကြာ အခြောက်ခံပြီးနောက် ငါးခူမျိုးစိတ်များကို ကျွေးမွေး၍ သုတေသနပြုစမ်းသပ်ခဲ့ပါသည်။ အစာဖော်စပ်ပုံနည်းလမ်း၊ ထည့်သွင်းအသုံးပြုသည့် ပမာဏနှင့် အသုံးပြုသည့်အစာအမျိုးအစားများကို (ဇယား-၁) တွင်လည်းကောင်း၊ ငါးခူများ၏ ကြီးထွားရှင်သန်နှုန်းနှင့် အစာမှ အသားပြောင်းလဲနှုန်းတို့ကို (ဇယား- ၂)တွင်လည်းကောင်း ဖော်ပြထားပါသည်။
အစာကုန်ကျစရိတ်လျှော့ချခြင်းနှင့် အစာဖော်စပ် နည်းပညာအသုံးချ သုတေသနဆောင်ရွက်ခြင်း
ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် အစာကုန်ကျစရိတ်သည် လုပ်ငန်းကုန်ကျစရိတ်၏ ထက်ဝက်ကျော် ကုန်ကျသဖြင့် ကျွေးမွေးသည့်အစာ အရည်အသွေးနှင့် ကျွေးမွေးမှုနည်းစနစ် မှန်ကန်မှသာ အစာမှအသား ပြောင်းလဲနှုန်း ကောင်းမွန်နိုင်ပြီး ငါးကြီးထွားရှင်သန်နှုန်းနှင့် စျေးကွက်အမြတ် အစွန်းရရှိမှုတို့ကို အထောက်အကူပြု စေမည်ဖြစ်ပါသည်။ လူတို့ တိုက်ရိုက်စားသုံးခြင်းမပြုသည့်အပြင် သဘာဝ ရေချိုဂေဟဗေဒစနစ် တစ်ခုလုံးအပေါ် ဆိုးကျိုးပေး အန္တရာယ်သက်ရောက်စေသည့် ဤစုပ်ခွက်ငါးကိုအသုံးပြု၍ အစာအမျိုးအမည် အသစ်များ ရှာဖွေအသုံးပြုနိုင်ခြင်းဖြင့် အစာကုန်ကျ စရိတ်ကို လျှော့ချပေးနိုင်မည့်အပြင် မိရိုးဖလာ အစာကျွေးမွေးခြင်းနည်းစနစ်များမှ ဆန်းသစ်တီထွင်၍ သိပ္ပံနည်းကျ အစာဖော်စပ်ပြောင်းလဲ ကျွေးမွေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်း ပိုမိုတွင်ကျယ် အောင်မြင်စေနိုင်မည်ဖြစ်ပါသောကြောင့် ငါးအစာ ကုန်ကျစရိတ် လျော့ကျစေရန်နှင့် အစာဖော်စပ်ခြင်း နည်းပညာများ တိုးတက်လာစေရန် ပြန်လည် မျှဝေ ရေးသားတင်ပြလိုက်ရပါသည်။