ငွေဆောင် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ ရှိ Sunny Paradise Hotel ရှေ့မှ အထကငွေဆောင်ကျောင်းနောက်ထိ ကမ်းခြေတစ်လျှောက် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်ကမ်းခြေ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဟိုတယ်ဇုန်မှ ဝန်ထမ်းများ၊ စျေးဆိုင်များမှ ပူးပေါင်းကာ စုစုပေါင်းအင်အား ၆၅ ဦးဖြင့် ဒီရေတက်ချိန် တွင်ပါလာပြီး ကမ်းခြေတွင် တင်ကျန်ခဲ့သည့် အမှိုက်များနှင့် ကမ်းခြေတွင် စည်းကမ်းမဲ့စွန့်ပစ် ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ ထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မီးရှို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ငွေဆောင်ကမ်းခြေသို့ လာရောက် အပန်းဖြေလည်ပတ်ကြသည့် ပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ သာယာမှုရရှိစေရန်နှင့် ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
မူမူ(ငွေဆောင်)


