ငွေဆောင်၊ ၃ ဒီဇင်ဘာ
ပုသိမ်-ငွေဆောင်ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၈ မိုင် ၆ ဖာလုံနေရာအနီးရှိ ချောင်းသာသစ်တောကြိုးဝိုင်းတွင် ယမန်နေ့နံနက် ၅ နာရီ အချိန်ခန့်က ဆင်နင်း၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ချောင်းသာကြိုးဝိုင်း အကွက်အမှတ်(၅၅)ရှိ ရော်ဘာခြံတွင် ခြံစောင့်အဖြစ် လုပ်ကိုင်နေသော ဦးလှဌေးမောင် အသက်(၆၂)နှစ်သည် ရေသိုးကျေးရွာရှိအိမ်သို့ မြေးဖြစ်သူ မဝင်းသက်ထားနှင့်အတူ ပြန်လာစဉ် လမ်းတစ်ဝက်၌ တောဆင်ရိုင်း သားအမိနှစ်ကောင်နှင့်တွေ့၍ ထွက်ပြေးရာ မြေးဖြစ်သူမှာ လွတ်မြောက်သွားပြီး ဦးလှဌေးဝင်းမှာ ဆင်နင်းခံခဲ့ရကြောင်း မြေးဖြစ်သူ၏ ပြောပြချက်အရ သိရှိရသည်။
အခင်းဖြစ်ပွားရာသို့ သလပ်ခွာနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကြည်မျိုးထွန်းနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ဦးလှဌေးမောင်မှာ ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သလပ်ခွာနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၂၀)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူသွင် (ပြန်/ဆက်)