ငွေဆောင် ၂၃ ဧပြီ
ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ငွေဆောင်မြို့အဝင်မှ ဝင်ရောက် လာသူများတွင် မြို့အတွင်း နေထိုင်သူများပါရှိခြင်း ရှိ/မရှိ စစ်ဆေး၍ပါရှိပါက ယင်းတို့ ထွက်ခွာခဲ့သည့်နေရာမှ သက်ဆိုင်ရာထောက်ခံချက်ပါရှိမှသာ မြို့အတွင်း ဝင်ခွင့်ပြုခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ မြို့တွင်းနေရာအနှံ့ ပိုးသတ်ဆေးဖျန်းခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ stay at home သတ်မှတ်ထားသည့် မြို့နယ်(၇)မြို့နယ်မှ ပြန်လာသူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများအား သတ်မှတ်စောင့်ကြည့်ကာလ (၂၁)ရက်ထား၍ အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အများပြည်သူများသိရှိစေရန် ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဟိုတယ်/စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများကို မတ်လ(၂၄)ရက်မှ စတင်၍ နေ့စဉ်ဆောင်ရွက်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းထံမှ သိရသည်။
မူမူ(ပြန်/ဆက်)


