ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံ

ငွေဆောင်  သြဂုတ်  ၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပဉ္စမမြောက်နေ့အဖြစ် ဩဂုတ် ၄ ရက် နံနက်ပိုင်းက အထက(ငွေဆောင်)တွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံခြင်း စုရပ်နေရာတွင် အသက်အရွယ်ကြီးသူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇူလိုင် ၃၁ ရက်မှစ၍ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအုပ်စုအတိုင်း (၆၅)နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေးထိုးနှံလျက်ရှိကြောင်း၊ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  အလုံးရေ ၃၀၀ ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်း ထိုးနှံနိုင်ပြီး လူဦးရေ ၆၀၀ ဦးအား ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး လိုက်လံနှိုးဆော်ဆောင်ရွက်လျက် ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးဝင်း​ကျော်ထံမှ သိရသည်။


မူမူ(ငွေဆောင်)