ကိုလင်း
လူငယ်ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးထားပြီး MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသနေသော ငွေစက္ကူ ခုနစ်ရွက် ရုပ်သံဇာတ်လမ်းတွဲတွင် မိသားစုစီးပွားရေး အခြေအနေကြောင့် မိမိ၏ ဘဝကို အရင်းတည်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေရသူ ဝေနှင်းအဖြစ် သရုပ်ဆောင်ထားသော မြနှင်းရည်လွင်နှင့် တွေ့ဆုံ၍ အဆိုပါ ဇာတ်လမ်းတွဲအကြောင်းနှင့် အနုပညာလှုပ်ရှားမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့သည်။
မေး။ ငွေစက္ကူ ၇ ရွက်အတွက် ကာရိုက်တာပိုင်း ပြင်ဆင်ခဲ့ပုံကို ပြောပြပါဦး။
ဖြေ။ ဒီဇာတ်လမ်းအတွက် ပြင်ဆင်ရတာကတော့ အရင်ဆုံး ဇာတ်လမ်း စဖတ်ကတည်းက ဝေနှင်းဖြူဆိုတဲ့ မိန်းကလေးရဲ့ စိတ်ကိုမြင်ကြည့်လို့ရနေပြီ။ ဖတ်ရင်း ငိုလည်းငိုခဲ့ရတယ်၊ ကာရိုက်တာက ကေတီဗွီမိန်းကလေးလည်းဖြစ်ပြန်၊ ပြီးတော့ ဦးလေးအရွယ်လူနဲ့လည်း ပတ်သက်ရမယ့် ကာရိုက်တာဆိုတော့ စိတ်ပူတယ်၊ အဲဒီတော့ ကြောက်စိတ်မဝင်အောင် အဲလိုမိန်းကလေးတွေဆို ဘယ်လိုပုံ ဖြစ်နိုင်မလဲဆိုတာ အဝေးကနေ လေ့လာတယ်။ ပြီးတော့ ကိုယ်နဲ့လည်း လိုက်ဖက်အောင်၊ အဲဒီလို မိန်းကလေးတွေရဲ့ ပုံစံမျိုးလည်းဖြစ်အောင် ကြိုးစားသရုပ်ဆောင် ခဲ့ပါတယ်။
မေး။ ဒီကားလေးက ပရိသတ်ကြည့်ရှုမှုများပြီး လူကြိုက်များတဲ့ ဇာတ်လေးလည်း ဖြစ်နေတယ်၊ ဒီကားလေးက ပညာပေးကားလေးဆို မှန်မလား။
ဖြေ။ ငွေကြောင့်ဖြစ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အပူတွေ၊ စိတ်အစွဲအလမ်း၊ အညှိုးအတေးကြီးတာတွေ၊ ဝဋ်ကြွေးတွေ ဒီဇာတ်လမ်းထဲမှာပါတော့ ဒါတွေထဲက တစ်ခုမဟုတ်တစ်ခုတော့ ယူတတ်ရင်ယူတတ်သလို သင်ခန်းစာရပြီး နားလည်လာနိုင်ပါတယ်၊ လောကကြီးအကြောင်းက ထင်သလို မလွယ်ဘူး ဆိုတာပါပဲ၊ ဒီကားလေး ရိုက်ရင်းနဲ့ ညီမတောင် အများကြီး ပညာလေးတွေ ရလိုက်တယ်၊ ညီမလိုပဲ ပရိသတ်တွေလည်း ဒီကားလေးကြည့်ပြီး တစ်ခုခု မက်ဆေ့ရမယ်လို့ ထင်ပါတယ်။
မေး။ အခုဆို မြနှင်းရည်လွင်ကို ပရိသတ်က ဇာတ်လမ်းတွဲတွေနဲ့ ပိုသိလာပြီဆိုတော့ ထပ်ပြီး အနုပညာနဲ့ပတ်သက်တာ ဘာအစီအစဉ်တွေရှိလဲ။
ဖြေ။ အခုလက်ရှိမှာ ဇာတ်လမ်းတွဲနှစ်ခု ရိုက်နေပါတယ်၊ နောက် home movie တစ်ခုရယ်၊ ရုပ်ရှင်ကားကြီးတစ်ခုရယ်လည်း ရိုက်ဖို့ရှိပါတယ်၊ နောက်ထပ်ရိုက်နေတာလေးတွေကလည်း ဆန်းသစ်နေမှာပါ၊ အသေးစိတ်ပြောလို့မရသေးလို့ မပြောတာပါ၊ ထွက်လာလို့ ကြည့်လိုက်ရင် အခုလိုပဲ ကြိုက်ကြမယ်လို့ထင်ပါတယ်၊ ကာရိုက်တာကတော့ အစုံလုပ်ကြည့်ချင်ပါတယ်၊ ဟာသလည်း လုပ်ကြည့်ချင်တယ်။
မြန်မာ့အလင်း