ရန်ကုန် ၂၀ မေ

 

လက်ကိုင်ဖုန်းများအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲ၊ ငွေချေ စသည့် ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူစွာဆောင်ရွက်နိုင်သည့် KBZPay သည် ငွေစက္ကူမှ ဒီဂျစ်တယ်ငွေပေးချေမှုသို့ အမြန်ဆုံးတိုးတက်အောင် ဦးဆောင်ပြောင်းလဲနိုင်ပြီး တစ်နှစ်ကျော်ကာလအတွင်း အသုံးပြုသူ ၅ သန်းကျော်၊ ဈေးဆိုင်နှင့် ကိုယ်စားလှယ်ပေါင်း ၂၈၅၀၀၀ ကျော်အထိ ချက်ချင်းတိုးတက်လာခဲ့သောကြောင့် ကမ္ဘာအဆင့် Celent Model Bank Awards 2020 ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

 

ကမ္ဘောဇဘဏ်အနေဖြင့် ပြည်တွင်းဒစ်ဂျစ်တယ် ငွေလွှဲလုပ်ဆောင်မှုပမာဏမှာ တစ်နှစ်ပြီးတစ်နှစ် ၁၇၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့အထိ KBZPay အသုံးပြု၍ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိ ငွေကြေးလုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ခဲ့သည်အထိ အောင်မြင်လာခဲ့သည်။ အဆိုပါ ကမ္ဘာအဆင့်ဆုသည် ငွေစက္ကူကိုသာ အဓိကသုံးစွဲနေကြသည့် မြန်မာနိုင်ငံတွင် ပြည်သူများပါဝင်အသုံးပြုနိုင်မည့်  မိုဘိုင်းဦးစားပေး ငွေကြေးဝန်ဆောင်မှုစနစ် ဖော်ဆောင်ရာတွင် ထူးခြားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကမ္ဘောဇဘဏ်သည် ဘဏ်ဦးဆောင်သော ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍအတွက် ကမ္ဘာ့အဆင့်ဆုရရှိသည့် ပထမဆုံး မြန်မာ့ဘဏ်လုပ်ငန်းလည်း ဖြစ်လာသည်။ နိုင်ငံရဲ့ ဒီဂျစ်တယ် အခြေခံအဆောက်အအုံပိုင်း ပိုမိုတိုးတက်လာဖို့ ကျွန်တော်တို့ရဲ့ KBZPay က ပြည်သူများအတွက် လုံခြုံစိတ်ချရတဲ့ E-commerce စနစ်တွေ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ စတင်နိုင်ဖို့အတွက် အဓိကနေရာကနေ ကြိုးစားအားဖြည့်သွားမှာ ဖြစ်ပါတယ်ဟု ကမ္ဘောဇဘဏ်၏ CEO Mr. Mike DeNoma က ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကို ထိန်ချုပ်၊ ကုသမှုများများ ထိရောက်စေရန်အတွက် KBZPay အသုံးပြုသူ ၅ သန်းကျော်သည် နေ့စဉ် ငွေကြေးဝန်ဆောင်မှုများအတွက် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိဘဲ ဈေးဆိုင်များ၊ e-commerce များ၊ အစာအသောက်ပို့ဆောင်ရေး လုပ်ငန်းများ၊ ငွေလွှဲခြင်းများ၊ ပရဟိတအသင်းများမှ COVID-19 အတွက် အလှူခံမှုများနှင့် အခြားသော ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးကူညီပေးလျက်ရှိသည်။  

 

“COVID-19 ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပိုပြီး ခိုင်မာစေခဲ့ပြီး COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့ဖြစ်စေဖို့နှင့် COVID-19 လွန်ကာလမှာ နိုင်ငံရဲ့ အခြေအနေသစ်အတွက် ပြင်ဆင်ရာမှာ အဆင်သင့် ပူးပေါင်းပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။ KBZPay က တစ်ခြား ဖွံ့ဖြိုးဆဲဈေးကွက်တွေရဲ့ စံနမူနာပြနိုင်တဲ့ ပုံစံကောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု Mr. Mike DeNoma က ဆက်လက်ပြောကြားသည်။

 

ကမ္ဘောဇဘဏ်သည် ငွေကြေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများဖြစ်ကြသည့် Financial Times (The Banker), World Finance, Euromoney, Asian Banking And Finance, Asiamo ney နှင့် Finance Asia စသည်တို့မှ ချီးမြှင့်သော အကောင်းဆုံးဘဏ်ဆုများကို နှစ်စဉ်ရရှိခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးအတွက် KBZ MS General Insurance, KBZ Life, Myanmar Airways International (MAI) နှင့် Air KBZ တို့နှင့်လက်တွဲ၍ ကျပ်သိန်းပေါင်း ၃၅၂၂၄ သိန်းလှူဒါန်းထားသည်။

 

ကိုကျော်