နေပြည်တော် ဩဂုတ် ၁၀
မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အား ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလက အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် မဟာဗျူဟာစီမံချက်ပါ ငွေကြေးအထောက်အပံ့ ပေးရေး လုပ်ငန်း အစီအစဉ်များအနက် လူမှုရေး ပင်စင် အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေး သူငယ်များအား ငွေကြေးအထောက် အပံ့ပေးရေး အစီအစဉ် (MCCT) အစီအစဉ် (၂)ရပ် ကို ပုံမှန်အစီအစဉ်များအနေဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက Zoom Applicationစနစ်ဖြင့်ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ ယခုကဲ့သို့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလ၌ ငွေကြေးအထောက်အပံ့များသည် အကျိုးခံစားခွင့်ရှိသူများအတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များကို ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အကောင်အထည်ဖော်ရာတွင် ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြေပြင်တွင် ထောက်ပံ့ကြေးပေးအပ်မှုများ ဆောင်ရွက်ရာ၌ ထိတွေ့မှုအနည်းဆုံး ဖြစ်စေရေးအတွက် အီလက်ထရောနစ် စနစ်ကို အခြေခံသည့် ငွေကြေး လွှဲပြောင်းမှုအား အဓိကထားဆောင်ရွက်သင့်ကြောင်း။
ယခင် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင်လည်း ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး MCCT အစီအစဉ်များအကောင်အထည်ဖော်ရာ၌ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့များထံ လုပ်ငန်းအပ်နှံပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေး လွှဲပြောင်းခြင်းကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုပေးသည့်အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် ပြင်ဆင်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုပေးသည့် အဖွဲ့များထံ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအား ဖြည့်စွက်ပြောကြားပြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အီလက်ထရောနစ်စနစ်ကို အခြေခံသည့် ငွေကြေးလွှဲပြောင်းမှုသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် အချက်များအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


