နေပြည်တော် ၈ ဖေဖော်ဝါရီ
ငွေကြေးဆိုင်ရာ ကောလာဟလများ၊ ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများပေါ်မူတည်၍ ကျပ် ၅၀၀၀/- တန်၊ ကျပ် ၁၀၀၀၀/- တန် ရုပ်သိမ်းမည်ဆိုပြီး ကောလာဟလများနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်လျက်ရှိသည်ကို ကြားသိရပါကြောင်း၊ အဆိုပါ ကောလာဟလသတင်းများကြောင့် ပြည်သူအချို့ စိုးရိမ်ပူပန်ပြီး ဘဏ်များတွင် ငွေများထုတ်ယူနေသည်ကို ကြားသိနေရပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက် ရှိကြပါကြောင်း။
ပြည်သူများအနေဖြင့် ငွေကြေးနှင့်ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန်ဘဏ်များသို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။
သတင်းစဉ်


