၁ စက်တင်ဘာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒအကောင်အထည်ဖော်  ဆောင်ရွက်ချက်အစီရင်ခံစာနှင့်  ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် ဩဂုတ်လ ၃၀ ရက်နေ့ကကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာ ခိုင်နှုန်းရှိသည်။  ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုးတက်မှုနှုန်း ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက  တိုးတက်မှုရှိသည်ဟု ဆိုနိုင်ပါသည်။    ပြီးခဲ့သည့်ဘဏ္ဍာ နှစ်ကာလတွင် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှု မြင့်မားတိုးတက်လာခြင်း၊      ထုတ်လုပ်မှုကဏ္ဍတွင်  အထည်ချုပ်ထုတ်လုပ်မှုတိုးတက်မြင့်မားလာခြင်း၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ  ပိုမိုတိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့်ဟု ဆိုထားသည်။

ထိုသို့တိုးတက်ကောင်းမွန်သော်လည်း ယခုအခါ စီးပွားရေးလောကမှလုပ်ငန်းရှင်ကြီးများ၏ ညည်းတွားသံများ ကြားသိလာရပြန်သည်။ အကြောင်းမှာ  အိမ်ခြံမြေလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းအချို့တို့၌  ငွေကြေး မလည်ပတ်သဖြင့် ချေးယူထားသောဘဏ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန်  အခက်အခဲရှိနေသောကြောင့်  ဖြစ်သည်။    မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုမှာ အထက်ဖော်ပြပါအတိုင်း ကောင်းမွန်နေသည်မှာတော့ အမှန်ဖြစ်သည်။ သို့သော် အများသူငါနှင့်သက်ဆိုင်သည့် အိမ်ခြံမြေနှင့် အချို့လုပ်ငန်းများ၌ အခြေအနေ အချိန်အခါအရ အလားအလာ ကောင်းများမရှိသေးသဖြင့် အခက်အခဲဖြစ်ပေါ်နေသည်။

မည်သို့ပင်ဖြစ်စေ    ငွေကြေးစီးဆင်မှု  လည်ပတ်ကောင်းမွန်စေ ရန်အတွက် စီးပွားရေးစနစ်တွင် သင့်လျော်သော ငွေကြေးပမာဏရှိနေစေရန်နှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေသည့် စီးပွားတိုးတက်မှုကို ရရှိစေရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။    ပြီးခဲ့သည့်  ဘဏ္ဍာနှစ်ကာလများတွင်ငွေကြေးဖောင်းပွမှုနှုန်း  သိသာစွာကျဆင်းသွားရေး၊  သီးသန့်ငွေကြေး ပမာဏတိုးတက်ရေးကို တိုးတက်ဆောင်ရွက်နိုင်သကဲ့သို့ ဆက်လက်၍လည်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။  ဘဏ်များနှင့်ချေးငွေချေးယူမှုတို့လည်း ပြေလည်အောင်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အမှန်တွင်  ဘဏ်တိုက်ဟူသည်မှာ  ရေအိုင်ငယ်လေးနှင့်တူသည်။ ရေအိုင်လေးမှ ပြင်ပသို့ စဉ်ဆက်မပြတ်စီးထွက်နေသည့် ချောင်းငယ်လေး များရှိသည်။ တစ်ဖက်တွင်လည်း ရေအိုင်ထဲသို့ အမြဲစီးဝင်နေသည့် ရေပမာဏလည်း  အတူတူရှိသည်။  ထိုအခါ  ရေအိုင်လေးထဲတွင်  အမြဲရေ ပြည့်လုနီးပါးရှိနေသည်။ သို့ရာတွင် ငွေချေးယူမှုများကြောင့် ရေကန်ငယ်မခန်းခြောက်ရန်လည်း ဂရုစိုက်ရသေးသည်။ ထို့ကြောင့် စီးဝင်မှုနှင့်စီးထွက်မှု အချိုးညီမျှတစေရန်အတွက် အဘက်ဘက်က ပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်သည်။

ရေကန်ငယ်တွင်  ရေပြည့်စေရေး၊  ရေအလျဉ်မပြတ်စေရေးတို့ကိုဆောင်ရွက်နိုင်ရန်အတွက် စီးဝင်စီးထွက်မှုများ မှန်ကန်စွာလည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ပြီး ချွေတာစုဆောင်းခြင်း၊ ချေးယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်းဖြင့် ငွေကြေးလည်ပတ်အောင်၊ ငွေကြေးတောင့်တင်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စီးပွားရေးမူဝါဒများကို ပြုပြင်ပြောင်းလဲဖော်ဆောင်နေပြီး နှစ်အလိုက် စီးပွားရေးတိုးတက်ဖြစ်ထွန်းမှုများ ရရှိနေပြီဖြစ်ရာ  နိုင်ငံအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ  အလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာပြီး ငွေကြေးဝန်ဆောင်မှုများ ကောင်းမွန်စွာ လည်ပတ်စီးဆင်းလာမည်ဖြစ်ပါကြောင်း။    

ကြေးမုံ