နေပြည်တော် ဩဂုတ် ၂၁

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၅ ဦး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉ ဦး၊ အထူးဖိတ်ကြားထားသူ ၂ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၉-၂၀၂၃)သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မဟာဗျူဟာ အကောင်အထည်ဖော်မှုကာလ ပြီးမြောက်ခဲ့ပြီးဖြစ်၍ ဒုတိယဝန်ကြီး ဦးဆောင်သည့် အမျိုးသားအဆင့် မဟာဗျူဟာ ပြန်လည်သုံးသပ်ရေး ကော်မတီအား ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး မဟာဗျူဟာအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈) မူကြမ်းရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ မူကြမ်းအား ယခုအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ပါကြောင်း၊ မူကြမ်းအတည်ပြုပြီးပါက မဟာဗျူဟာပါရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် FATF က မြန်မာနိုင်ငံကို ဆုံးရှုံးနိုင်ခြေ မြင့်မားပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများ စာရင်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ FATF ၏ မြန်မာနိုင်ငံအပေါ် လိုက်နာမှုအားနည်းချက် ၈ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့်လည်း တစိုက်မတ်မတ် အားစိုက်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်တွင် စင်္ကာပူနိုင်ငံ၌ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေး၏  ထုတ်ပြန်ချက်အရ အလေးထားစိစစ်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းမှ ပြောင်းလဲပေးခြင်းမရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိပါက FATF မှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် စဉ်းစားသွားမည်ဟု ဖော်ပြခဲ့ကြောင်း။

ထို့ကြောင့် တိုးတက်ဆောင်ရွက်မှုများ ပြသနိုင်ရန် FATF ၏ Action Plan တွင် ပါရှိသည့် အချက်များဖြစ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမတိုင်ခင် တိုးတက်မှုပြသနိုင်ရန် Action Plan တွင် ပါရှိသည့်အချက်များအား သက်ဆိုင်ရာဌာနများအလိုက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ တက်ရောက်လာသူများက  မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) (မူကြမ်း)အား အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်