နေပြည်တော် ဇွန် ၂၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ယာယီရဲမှူးချုပ် သန့်လွင်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှု အစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့နှင့်ပြုလုပ်ခဲ့သည့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များအရ APJG မှ အကဲဖြတ်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် တိုးတက်မှုရှိကြောင်းနှင့် ကြိုးပမ်းဆောင်ရွက်မှုများပေါ် အသိအမှတ်ပြုခဲ့ကြောင်း၊ ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အစီအမံ(၅)ခုသည် ကြီးမားစွာလိုက်နာဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့်ရရှိခဲ့ ကြောင်း၊ အသိအမှတ်ပြုတိုးတက်မှုများရရှိခဲ့သော်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကိုထိခိုက် စေရန် Media များဖြင့် တိုက်ခိုက်မှုများရှိနေကြောင်း၊ ယင်းအပေါ် AML/ CFT ဆိုင်ရာ အကောင်အထည်ဖော် တိုးတက်ဆောင်ရွက်များကို အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ချက်များနှင့် ရှင်းလင်းခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် မကြာမီကျင်းပပြုလုပ်မည့် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF)၏ မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင် ရွက်မှုလေ့လာသုံးသပ်ရေးအဖွဲ့ (ICRG) လုပ်ငန်းအဖွဲ့အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရာတွင် အဓိကဆွေးနွေးသင့်သည့်အချက်များကို သိရှိထားရန်လိုအပ်ကြောင်း။
APJG သို့ လေးလတစ်ကြိမ်တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့်အစီအမံများအား အဆင့်သတ်မှတ်ချက် ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေး ကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှလည်း FATF နှင့် ICRG အစည်းအဝေးများတွင် တင်ပြရန်အချက်များနှင့် APJG သို့ လေးလတစ်ကြိမ်တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


