နေပြည်တော်  ၄  ဒီဇင်ဘာ  

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် ဥပဒေမူဘောင်များကို မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ် များနှင့် ကိုက်ညီပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ပိုမိုတိုးတက်ခိုင်မာစေရန် ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်မှု များကို ကြီးကြပ်ရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ရေး လုပ်ငန်းကော်မတီကိုဖွဲ့စည်း၍ ၂၀၁၅ ခုနှစ်က စတင်ပြီး IMF ၏ နည်းပညာ အကူအညီရယူကာ National Risk Assessment  (NRA) ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ NRA ၏ တွေ့ရှိချက်နှင့် အပြန်အလှန် အကဲဖြတ်ရေး အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ အားနည်းချက်၊ အကြံပြုချက်များကို နယ်ပယ် ၅ ရပ် ချမှတ်၍ မဟာဗျူဟာရေးဆွဲခဲ့ပကြောင်း၊ နယ်ပယ်အလိုက် ဆောင်ရွက်ပြီးသည့် အချက်များ၊ ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို သက်ဆိုင်ရာဌာနအနေဖြင့် စိစစ်ပြီးလိုအပ်သည့် အချက်များကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအလိုက် ဆောင်ရွက်မှုများကို တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုစေ လိုပါကြောင်း ပြောကြားသည်။ 

ထို့နောက် ကော်မတီ၏ အတွင်းရေးမှူးက မဟာဗျူဟာနယ်ပယ် (၁)ပါ ဆောင်ရွက်ရမည့်ကိစ္စနှင့် ဦးစားပေး နယ်ပယ်အလိုက် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များက မဟာဗျူဟာ နယ်ပယ် (၁)ပါ သက်ဆိုင်သည့် ကိစ္စရပ်များအလိုက် ဆောင်ရွက်ပြီးသည့်အချက်နှင့် ဆောင်ရွက်ရန်ရှိသည့် အချက်များကို ဆွေးနွေးကြသည်။  

အဆိုပါ အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်