နေပြည်တော် ၂၂ ဇန်နဝါရီ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင်နှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအတိုင်း ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် မဟာဗျူဟာဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာ အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေး လုပ်ငန်းစဉ်မှ ဖော်ထုတ်ရရှိသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျှော့ချနိုင်မှာဖြစ်ကြောင်း၊ မဟာဗျူဟာ နယ်ပယ်များအလိုက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဆွေးနွေးချက်၊ အကြံပြုချက်များအတိုင်း ထည့်သွင်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် မဟာဗျူဟာ(မူကြမ်း)အပေါ် အတည်ပြုသွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ် ကျော်ဝင်းသိန်းမှ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ မဟာဗျူဟာ(မူကြမ်း) ရေးဆွဲဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကော်မတီက အတည်ပြုနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက မဟာဗျူဟာ(မူကြမ်း)အပေါ် ဖြည့်စွက်ဆွေးနွေး အတည်ပြုခဲ့ကြသည်။
အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)