နေပြည်တော်၊ ဇန်နဝါရီ ၁၈
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် အာရှ - ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) မျက်နှာချင်းဆိုင် အစည်းအဝေးသို့ တက်ရောက်ခဲ့မှု၊ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား ဆွေးနွေးခဲ့မှု၊ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံ (Action Plan) ၁၀ ချက်အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံး ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့မှုနှင့် သက်ဆိုင်ရာ ဌာနများအနေဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာရှိကြီးများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်