နေပြည်တော် ဇန်နဝါရီ ၃
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့၏အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဒေါ်သန်းသန်း ဆွေ က မြန်မာနိုင်ငံ၏ ဒသမအကြိမ်တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းလာသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Group-APJG) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များမှ ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ လက်ငင်းရလဒ်များအပေါ် ကောင်းမွန်သည့် ရလဒ်များ ရရှိမည်ဟုမျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မေးခွန်းတစ်ခုချင်း အလိုက်ရှင်း လင်းဆွေးနွေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းနှင့် လက်ငင်းရလဒ် (၁) နှင့်(၃)တို့နှင့်စပ်လျဉ်း၍ ကောင်းမွန်သည့်ရလဒ်ရရှိရန် မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်း ဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်