နေပြည်တော် ၂၃ ဇန်နဝါရီ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၉)ကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့ နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင်နှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည်မျှော်မှန်းချက်များ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအတိုင်း ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် မဟာဗျူဟာဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာအမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ် အကဲဖြတ်ရေး လုပ်ငန်းစဉ်မှ ဖော်ထုတ်ရရှိသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များလျှော့ချနိုင်မှာ ဖြစ်ကြောင်း၊ မဟာဗျူဟာ နယ်ပယ်များအလိုက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ဆွေးနွေးချက်၊ အကြံပြုချက်များအတိုင်း ထည့်သွင်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာ(မူကြမ်း) နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် မဟာဗျူဟာ(မူကြမ်း) အပေါ် အတည်ပြုသွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ် ကျော်ဝင်းသိန်းမှ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု၊ မဟာဗျူဟာ(မူကြမ်း) ရေးဆွဲဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မတီက အတည်ပြုနိုင်ရေးနှင့်ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက မဟာဗျူဟာ(မူကြမ်း)အပေါ် ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြသည်။
အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ဆက်လက်တင်ပြ အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)