နေပြည်တော် အောက်တိုဘာ ၂၆
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရွှေလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ရွှေနှင့် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်မှုများအတွက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့မှုစနစ် အားကောင်းလာစေရေး အစီအမံများ၊ ငွေသားဖြင့်ပေးချေရာတွင် အများဆုံးပေးချေနိုင်သည့် ငွေသားပမာဏသတ်မှတ်ရေးနှင့် ယင်းပမာဏထက်ကျော်လွန်ပါက ဘဏ်စနစ်အသုံးပြု ပေးချေစေရေးတို့ကို အသေးစိတ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


