နေပြည်တော် မတ် ၂၀

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အကျိုးရှိရှိ အသုံးချ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် မကြာမီကပြဋ္ဌာန်းခဲ့သည့် ၂၀၂၆ ခုနှစ် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် AML/CFT ဆိုင်ရာ ဆက်စပ်ပြည်တွင်းဥပဒေများ၊ AML/CFT ဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ လက်ရှိ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တိုးတက်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်မဟာဗျူဟာ ၂၀၂၄-၂၀၂၈ ပါ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးဆိုင်ရာနှင့် အန္တရာယ် အကဲဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပ ကွင်းဆင်းစစ်ဆေး ခြင်းများ၊ သတင်းပို့ရန်တာဝန်နှင့် ကြိုတင်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချ ပေးခဲ့သော AML/CFT ဆိုင်ရာ ဥပဒေမူဘောင်များနှင့် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက် နေသော AML/CFT ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ထူးချွန်သူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

 

သင်တန်းသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း ၃၅ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်