နေပြည်တော် ဒီဇင်ဘာ ၂၄
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ၁၃ ကြိမ်မြောက် တိုးတက်မှု အစီရင်ခံစာအပေါ် ထပ်မံမေးမြန်းလာသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံပြန် လည်ဖြေ ဆိုနိုင်ရန်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Group-APJG) ၏ မျက်နှာစုံညီအစည်း အဝေးတွင် ထိရောက်စွာ ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ တိုးတက်မှုအစီရင်ခံစာအပေါ် ထပ်မံမေးမြန်းသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများက ရှင်းလင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်း သိန်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


