နေပြည်တော်  ၁   မတ်


 
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမှတ်စဉ် (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ယခင်ပြုလုပ်ခဲ့သည့် အမှတ်စဉ်(၁/၂၀၁၈)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲထားရှိမှုအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။ 

 

ဆက်လက်၍ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး တင်အောင်ဝင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့် ဥပဒေပြင်ဆင်ရေးဆွဲရေးကော်မတီတို့ ပူးပေါင်းရေးဆွဲနေမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အမှုစစ်ဆေးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗဟိုအဖွဲ့၊ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြီး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း) ရေးဆွဲထားမှုအား အတည်ပြု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ဆုံးဖြတ်သည်။

 

အစည်းအဝေးကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ ဗဟိုအဖွဲ့ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)