နေပြည်တော် ၂၅ သြဂုတ်

 

မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား ကုန်သွယ်မှုပြုလုပ်ရာ၌ အဓိကအားဖြင့် အမေရိကန်ဒေါ်လာငွေကို အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားတိုင်းပြည်များမှ သွင်းကုန်များပြားချိန်တွင် အမေရိကန်ဒေါ်လာဝယ်လိုအား သိသိသာသာ မြင့်တက်လာမှုနှင့်အတူ ကျပ်ငွေဖြင့် ဖလှယ်သော အမေရိကန်ဒေါ်လာ၏ တန်ဖိုးသည်လည်း ရုတ်တရက်တက်လာတတ်ပါသည်။ ဤကဲ့သို့ ကျပ်ငွေဖြင့် ဖလှယ်သော အမေရိကန်ဒေါ်လာ၏တန်ဖိုး ဆောင့်တက်ခြင်းမျိုး ဖြစ်လာပါက စီးပွားရေးကဏ္ဍတစ်ရပ်လုံးအတွက် အခက်အခဲများ ဖြစ်ပေါ်စေတတ်ပါသည်။

 

အဆိုပါ အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် နိုင်ငံတော်ဗဟိုဘဏ်က ငွေကြေးလဲလှယ်နှုန်းအာမခံစနစ် (Currency Swap)ကို ကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဤငွေကြေးလဲလှယ်နှုန်းအာမခံစနစ်ကို ဥပမာပေး၍ ရှင်းလင်းတင်ပြလိုပါသည်။ဘဏ်နှစ်ခုကြား ငွေကြေးလဲလှယ်နှုန်းအာမခံစနစ် ကျင့်သုံးပုံကို တင်ပြလိုပါသည်။ နှစ်ဖက်ညှိနှိုင်းသဘောတူမှုအရ ပထမဘဏ် ဗြိတိသျှပေါင်ငွေ ၁၀ သန်း ရရှိချိန်၌ ကျန်ဘဏ်က အမေရိကန်ဒေါ်လာငွေ ၁၄ သန်း ရရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဘဏ်နှစ်ခုကြား ဗြိတိသျှပေါင်၊ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည် ၁ ဒသမ ၄ ဖြစ်ပါသည်။ ညှိနှိုင်းသဘောတူထားသော ကာလကုန်ဆုံးပါက ဤငွေလဲလှယ်နှုန်းဖြင့် မိမိတို့ ရယူထားသော ငွေကြေးပမာဏကို ပြန်လည်ပေးချေရမည် ဖြစ်ပါသည်။ အဆိုပါစနစ်အရ သတ်မှတ်ကာလအတွင်း ညှိနှိုင်းအတိုးနှုန်းတစ်ရပ်ပေးရသော်လည်း သတ်မှတ်ကာလကုန်ဆုံးချိန်၌ မိမိတို့ငွေပမာဏမည်မျှပေးချေရမည်၊ ငွေပမာဏ မည်မျှပြန်ရမည်ကို အတိအကျ သိရှိနိုင်ပါသည်။ အကျိုးရလဒ်မှာ သတ်မှတ်ကာလအတွင်း ဈေးကွက်ငွေလဲလှယ်နှုန်း မည်မျှပြောင်းလဲသည်ဖြစ်စေ၊ အဆိုပါဘဏ်နှစ်ခုကြား၌မူ ငွေလဲလှယ်နှုန်းသည် နှုန်းသေအဖြစ်သာ ရှိနေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်ခြင်းဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

 

နိုင်ငံတော်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်လျက်ရှိသော ငွေကြေးလဲလှယ်နှုန်း အာမခံစနစ်အရ ပုဂ္ဂလိကဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်သို့ မြန်မာကျပ်ငွေပေးထားမည်ဆိုပါက နိုင်ငံတော်ဗဟိုဘဏ်က အဆိုပါ ပုဂ္ဂလိကဘဏ်များသို့ အမေရိကန်ဒေါ်လာငွေကို ညှိနှိုင်းငွေလဲလှယ်နှုန်းဖြင့် ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။ လက်ရှိ အစီအစဉ်အရ ၁၄ ရက် သို့မဟုတ် တစ်လအတွင်း နှစ်ဖက်စလုံးသည် ညှိနှိုင်းအတိုးနှုန်းနှင့်အတူရယူထားသော ငွေကြေးများကို အပြန်အလှန် ပြန်လည်ပေးအပ်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ငွေဝယ်လိုအား ရုတ်တရက် မြင့်တက်လာပါက ပုဂ္ဂလိကဘဏ်တို့သည်နိုင်ငံတော်ဗဟိုဘဏ်မှ ရယူထားသော အမေရိကန်ဒေါ်လာငွေတို့ကို ထုတ်ရောင်းပေးခြင်းဖြင့် ဈေးကွက်ငွေကြေးလဲလှယ်နှုန်းကို ထိန်းညှိပေးနိုင်စွမ်းရှိလာမည် ဖြစ်ပါသည်။

 

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၌ ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေးသည် အရေးကြီးသော လိုအပ်ချက်ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေကြေးလဲလှယ်နှုန်းအာမခံစနစ် (Currency Swap) ကို ကျင့်သုံးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လာခြင်း ဖြစ်ပါသည်။ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်အတွင်း နိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ အမေရိကန်ဒေါ်လာငွေ ၈ ဒသမ ၃၅ သန်းရောင်းချပေးပြီး ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်ဖွံ့ ဖြိုးရေးအတွက် နိုင်ငံတော်ဗဟိုဘဏ်က ငွေကြေးလဲလှယ်နှုန်းအာမခံစနစ် ကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက်လာခြင်းအပေါ်ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။