နေပြည်တော် အောက်တိုဘာ ၇

 

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လူမှုကူညီရေး အသင်းအဖွဲ့များမှတစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ ( လေ) ရုံးသို့ စက်တင်ဘာ ၁၃ ရက်တွင် ဆက်သွယ်လာခဲ့သည့် မြန်မာနိုင်ငံသား ခြောက်ဦးအနက် သုံးဦးကို စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိရန် ကျန်ရှိသည့် သုံးဦးကို ယနေ့တွင် ပြန်လည်ခေါ်ဆောင်ပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ သုံးဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မလေးရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

 

အလားတူ ငွေကြေးလိမ်လည်ခံခဲ့ရသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပြီးဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေသူများကို လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်