ငွေကြေးလိမ်လည်သည့် ဂျပန်နိုင်ငံသားများအား ထိုင်းရဲအရာရှိများ ဖမ်းဆီး

ဗန်ကောက် ၁ ဧပြီ

ထိုင်းရဲအရာရှိများက  အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် လိမ်လည်လှည့်ဖြားကာ  ငွေကြေးတောင်းခံနေသူ  ဂျပန်နိုင်ငံသားများအား ဖမ်းဆီးမိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အခြားနိုင်ငံအသီးသီးသို့  ငွေလွှဲပြောင်းပို့ဆောင်ပေးသည့်လုပ်ငန်း တစ်ရပ်ထူထောင်ကာ  လိမ်လည်မှုများ  လုပ်ဆောင်လျက်ရှိခဲ့သည်ဟုထိုင်းရဲအရာရှိများကဆိုသည်။ ၄င်းတို့လိမ်လည်ခဲ့သည့်  ငွေကြေးပမာဏ သည်  ယခုလတစ်လအတွင်း၌ပင်အမေရိကန်ဒေါ်လာ ရှစ်သိန်း ခန့်ရှိခဲ့သည်ဟု ရဲအရာရှိများက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖမ်းမိထားသော ဂျပန်နိုင်ငံသား  ၁၅  ဦးပါဝင်သော  ငွေကြေးလိမ်လည်သည့် အုပ်စုသည် နိုင်ငံအတွင်း တရားမဝင်နေထိုင်လျက်ရှိပြီး ထိုင်းနိုင်ငံ  ပတ္တရားမြို့တွင် အိမ်တစ်လုံးငှားရမ်းထားကြောင်း  သိရသည်။

အဆိုပါအုပ်စုသည်  အသက်  ၂၂  နှစ်မှ ၅၄ နှစ်အရွယ်လူငယ်များဖြစ်ပြီး ၄င်းတို့လိမ်လည်ခဲ့သည့်  ဂျပန်နိုင်ငံသား  ၅၀ဝ  ခန့်ပါဝင်သော  စာရင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟုရဲအရာရှိများက  ဆိုသည်။  အဆိုပါ စာရင်းတွင် ဖုန်းနံပါတ်များ၊ လိပ်စာများ၊  ငွေကြေးလိမ်လည်သည့်နည်းလမ်းများနှင့် လိမ်လည်ရရှိထားသော  ငွေကြေးပမာဏများစုစည်း ဖော်ပြထားကြောင်းသိရသည်။

၄င်းတို့သည် လွန်ခဲ့သော လအနည်းငယ်အတွင်းက  အိပ်ခန်း ငါးခန်းပါသော  အိမ်တစ်လုံးကိုငှားရမ်းခဲ့ပြီး  အဆိုပါအိမ်အတွင်း၌ ကွန်ပျူတာ အလုံး ၂၀၊  တယ်လီဖုန်း  အလုံး ၅၀နှင့် စားပွဲများ တွေ့ရှိခဲ့ရသည်။

ထို့ပြင်   မည်သို့အသွင်ယူကာ လိမ်လည်မလဲဆိုသည့် နည်းလမ်းများကို ရေးသားထားသော စာစုများကိုလည်း တွေ့ရှိခဲ့ရသည်ဟု ရဲအရာရှိများ က ပြောကြားခဲ့သည်။

၄င်းတို့က  ထိုင်းရဲအရာရှိများ၏ မေးမြန်းမှုများကို ဖြေဆိုရန် ငြင်းပယ်ထားကြောင်း သိရသည်။

ဂျပန်ရဲအရာရှိများက  အဆိုပါ ကိစ္စရပ်အား  စုံစမ်းစစ်ဆေးမှုပြုရန်ထိုင်းနိုင်ငံသို့  လာရောက်မည်ဖြစ်ကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ