ဖနောင်ပင် ဒီဇင်ဘာ ၁၂

 

ကမ္ဘောဒီးယားနိုင်ငံသည် ငွေကြေးဖောင်းပွမှုဒဏ်နှင့် ရေကြီးရေလျှံမှုဒဏ်ခံစားနေရသည့် လူပေါင်း ၁ ဒသမ ၃ သန်းခန့်မှ အိမ်ထောင်စု ၃၆၀၀၀၀ နီးပါးကို ငွေသားအကူအညီ ထောက်ပံ့ပေးအပ်မှုကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ 

 

ကမ္ဘောဒီးယားအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုဒဏ်ခံစားနေရသည့် မိသားစုဝင်များအတွက် အမေရိကန်ဒေါ်လာ ၃၁ သန်းနှင့် ရေကြီးရေလျှံမှုဒဏ်ခံစားနေရသည့် မိသားစုဝင်များအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း သုံးစွဲသွားရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူး ချန်နာရစ်က     သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

 

ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏   လက်မှတ်ရေးထိုး ညွှန်ကြားချက်အရ နယ်မြေအလိုက် ငွေသား အကူအညီလက်ခံရရှိရန် စီမံကိန်းဝန်ကြီးဌာနက အဆိုပါ ထိခိုက်ခံစားခဲ့ရသော မိသားစုဝင်များကို စိစစ်ဖော်ထုတ်ခဲ့သည်။ 

 

ကမ္ဘာ့စွမ်းအင်၊ ဓာတ်မြေဩဇာနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုများကို  မြင့်တက်စေကြောင်းနှင့် စားသုံးသူဈေးနှုန်းဖောင်းပွမှုသည် ဇွန်လတွင်  ၇ ဒသမ ၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သော်လည်း ဩဂုတ်လတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းက ဆင်းရဲချို့တဲ့သော မိသားစုဝင်များကို ပို၍ထိခိုက်နစ်နာစေကြောင်းလည်း ကမ္ဘာ့ဘဏ်က ပြောသည်။    


 
ဆင်ဟွာ