နေပြည်တော် ၂၂ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစိုးရလက်ထက်မှစ၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စနစ်တစ်ခု အောင်မြင်မှုရရန် ဆွေးနွေးပွဲများတွင် အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်းဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲပြီးဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ (၈)ချက်မှ ထိရောက်သော ငွေကြေးထောက်ပံ့မှု ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည့်ကဏ္ဍမှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အားနည်းပါးသည့် အတွက်ကြောင့် အခြေခံအင်အားဖြစ်သော ပြည်သူနှင့်အနီးစပ်ဆုံး ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအပြင် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုများအတွက် မှန်ကန်သော စာရင်းဇယားနှင့် ကိန်းဂဏန်းများရရှိရန်အတွက် အခက်အခဲများရှိနေပါသဖြင့် တစ်လတစ်ခါ ထောက်ပံ့ပေးရမည့် လူမှုရေးပင်စင်များကို နှစ်လတစ်ခါ ပေးအပ်နေရကြောင်း၊ ထိုကဲ့သို့ နှောင်နှေးကြန့်ကြာမှုမျိုး မဖြစ်အောင် ကြိုးစားဆောင်ရွက်နေမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Electronic Cash Transfer စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အတွေ့အကြုံများကို နမူနာယူပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသောသူများက မိမိတို့၏ အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရုံးအမှတ် ၂၃၊ စုပေါင်းခန်းမ၌ ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)