မန္တလေး ၂၇ အောက်တိုဘာ
ပြည်ကြီးတံခွန်မြို့နယ် ဒ ဒ-၂ ရပ်ကွက်၌ အသစ်ဆောက်လုပ်ပြီးစီးသည့် အောင်တံခွန်ဈေးဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အောင်တံခွန်ဈေးသစ်ကို ၄ ဒသမ ၃၇ ဧက ကျယ်ဝန်းသည့် မြို့တော်စည်ပင်ပိုင် မြေကွက်တွင် ကွန်ကရစ်ဈေးခုံ၊ steel structure အဆောက်အဦ၊ သန့်စင်ခန်း၊ ဈေးရုံခန်းများကို တန်ဖိုး ကျပ် ၂၁၈၄ သိန်းကျော် အကုန်အကျခံပြီး စနစ်တကျ ဆောက်လုပ်ထားဖြစ်ကြောင်း သိရသည်။
“လမ်းဘေးမှာ ဖြစ်သလို ပျံကျရောင်းတဲ့အတွက် လမ်းပိတ်ဆို့မှုဖြစ်ခြင်း၊ ကျန်းမာရေးနဲ့ မကိုက်ညီခြင်းတို့ ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး လူနေမှုအဆင့်မြင့်လာစေဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဈေးသည်များကို မဲစနစ်နဲ့နေရာချထားပြီး နှာခေါင်းစည်း လက်ဆောင်များ ဝေငှပေးခဲ့ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
စက်မှုပန်းခြံလမ်းဘေး ကျော်ကျော် အောင်ကြိမ်စက်ရုံအနီးမှာ ဖြစ်သလို ပျံကျရောင်းချနေသူ ဈေးသည် ၂၃၀ ကျော်ကို စနစ်တကျ နေရာချထားခြင်းဖြစ်ကြောင်း သိရသည်။
အောင်တံခွန်ဈေးသစ်မှာ ရောင်းချမယ့် ဈေးသည်များကို အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက မဲစနစ်ဖြင့် စနစ်တကျ နေရာချထား ဆောင်ရွက်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အောင်တံခွန်ဈေးတွင် ဆိုင်ခန်း ၆၄ ခန်းပါ ဈေးရုံ ၄ ရုံ ဆောက်လုပ်ထားပြီး A ရုံတွင် ကုန်ခြောက်နှင့် အစားအသောက်၊ B ရုံတွင် ကုန်စိမ်း၊ C ရုံတွင် အထည်၊ လူသုံးကုန်၊ ကုန်ခြောက်၊ D ရုံတွင် သားငါးနှင့် ကုန်စိမ်းဆိုင်များ နေရာချထားကြောင်း သိရသည်။
မေသက်ထား


