ရန်ကုန် ၁၁ မေ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းသွယ် (၆) လမ်းနေ တရားလိုသည် တောင်ကြီးမြို့သို့ ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိစဉ် နေအိမ်နောက်တံခါး ပွင့်နေသည်ကို တွေ့ရှိရ၍ စစ်ဆေးရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ လက်ဝတ်ရတနာမျိုးစုံ (၂၆) မျိုး၊ မြေဂရမ်(၁)ခု၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံစာအုပ် (၁) အုပ်၊ ထိုင်းဘတ်ငွေ (၃၀ဝဝဝ)၊ ထိုင်ဝမ်ဒေါ်လာ (၅၀ဝဝ)၊ တရုပ်ယွမ် (၂၅၀ဝ)နှင့် အမေရိကန်ဒေါ်လာ(၃၀ဝ) ထည့်ထားသည့် မီးခံသေတ္တာ (၁)လုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၂၅၆၄) သိန်းခန့် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသဖြင့် မရမ်းကုန်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အမှုမှပျောက်ဆုံးပစ္စည်းများ အမြန်သိမ်းဆည်းရရှိရေးနှင့် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ရရှိရေး ဆောင်ရွက်ရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်မှုခင်း နှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မိမိအမာခံ သတင်းပေးများ၏ အကူအညီဖြင့် စုံစမ်းလျက်ရှိစဉ် ခိုးမှုမသင်္ကာသူ ဒဂုံမြို့သစ်မြောက်ပိုင်း (ခတ္တ) နေ အောင်မြင့်သန်း (ခ) တောသားကြီး (ခ) အောင်ဝင်းသည် ဧပြီ ၃၀ ရက်တွင် ယာဉ်အမှတ် YGN 5E----- Colt Plus အမျိုးအစား (ကိုယ်ပိုင်ယာဉ်) နက်ပြာရောင်ကားနှင့်အတူ မန္တလေးမြို့မှတစ်ဆင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ထွက်ခွာသွားသည်ကို စုံစမ်းသိရှိရသည်။ ယင်းနောက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရချင်း ရှမ်းပြည်နယ်သို့ ထွက်ခွာပြီး တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၊ လွယ်လင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ လင်းခေးခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ အကူအညီဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေ ၅ ရက် နံနက် ၇ နာရီခွဲတွင် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား လုံခြုံရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး မေ ၇ ရက် နံနက် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့မရဲစခန်းသို့ ပို့ဆောင်ကာ ခေတ္တချုပ်နှောင်ထားရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ အောင်မြင့်သန်း (ခ) တောသားကြီး (ခ) အောင်ဝင်းအား စစ်ဆေးခဲ့ရာ ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီတွင် ၎င်း၏သူငယ်ချင်းများဖြစ်သည့် မွှေးနီ(ခ)အောင်နိုင်ဝင်း (ဒဂုံတောင်မြို့နယ်၊ စုံစမ်းဆဲ)၊ သန်းမြတ်စိုးတို့ (၂) ဦးသည် တရားလို----၏ နေအိမ်နောက်ဖေးတံခါးပေါက်မှ ဝင်ရောက်ကာ အပေါ်ထပ်ရှိ အိပ်ခန်း (၂) ခန်းအတွင်းမှ မီးခံသေတ္တာ(၁)လုံးနှင့် ကားသော့အား ယူဆောင်လာခဲ့ပြီး သန်းမြတ်စိုးမှ အိမ်ရှေ့တွင်အသင့်တွေ့ရှိသည့် ယာဉ်အမှတ် YGN 3D-1799-Harrier အမျိုးအစား ကားအား မောင်းနှင်ယူဆောင်ခဲ့ကြောင်း၊ (၉)မိုင်တွင် ကား(၁)စီးဖြင့် အသင့်စောင့်နေသော အောင်မြင့်သန်း (ခ) တောသားကြီး (ခ) အောင်ဝင်း၏ ကားပေါ်သို့ မီးခံသေတ္တာအား တင်ဆောင်ပြီး ခိုးမှုကျူးလွန်ခဲ့သည့် အိမ်မှပါလာသောကားအား မီးစုံဖွင့်၍ ပြည်လမ်းမပေါ်တွင် ရပ်ထားခဲ့ကြောင်း၊ ခိုးယူရရှိသော ရတနာပစ္စည်းများအား (၃) ပုံခွဲ၍ ဝေယူခဲ့ကြောင်း၊ ထို့နောက် သန်းမြတ်စိုး (ခ) စိုးလေးသည် ပြည်လမ်း (၉)မိုင်တွင် ရပ်ထားခဲ့သော ကားအား ခိုးမှုကျူးလွန်ခဲ့သည့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကွင်းဆက်တရားခံ သန်းမြတ်စိုး (ခ) စိုးလေးအား မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သောကလမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ အောင်မြင့်သန်း (ခ) တောသားကြီး (ခ) အောင်ဝင်းနှင့် သန်းမြတ်စိုး (ခ) စိုးလေး တို့ထံမှ သက်သေခံပစ္စည်း လက်ဝတ်ရတနာများ သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးအား ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတရားခံ မွှေးနီ (ခ) အောင်နိုင်ဝင်းအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိသည့် သက်သေခံရတနာပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN