ငွေကျပ်(၁၀)သိန်းနှင့် (၁၇)သိန်းတန်ဖိုးရှိ နားကပ်(၁)ရံတို့ကို နေအိမ်အတွင်းဝင်ရောက်၍ ခြောက်လှန့်ယူဆောင်သွားသူအား (၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၁၉  မေ 
    

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဒေါ်ခင်သန်းမြင့်သည် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက နေအိမ်အိပ်ခန်းအတွင်း၌ ရှိနေစဉ် အိပ်ခန်းအတွင်းသို့ အမည်မသိ အမျိုးသား(၁)ဦး ဝင်ရောက်လာပြီး ဒေါ်ခင်သန်းမြင့်အား ချွန်ထက်သောအရာဖြင့် နောက်ကျောအားထောက်၍ ခြိမ်းခြောက်ကာ ငွေလိုချင်တယ် ဟုပြောဆို၍ ၎င်းဝတ်ဆင်ထားသည့် တန်ဘိုးငွေ(၁၇)သိန်းကျပ်တန် စိန်ခြယ်နားကပ် (၁)ရံ နှင့် ငွေကျပ်(၁၀)သိန်းအား ယူသွားသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၁)နယ်မြေ ရဲစခန်း၏ (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

 

ထို့နောက် ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကွပ်ကဲကြီးကြပ်မှုဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်နေအိမ်ဘေးရှိ CCTV မှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူမှာ ဒေါ်ခင်သန်းမြင့် နေအိမ်၏ မျက်စောင်းထိုးရှိ ရွှေကျီးမုန့်ကြွပ်စက်ရုံမှ အလုပ်သမား  ဝင်းစိုး(ခ)တင်မောင်စိုး(၃၄)နှစ် ဖြစ်ကြောင်း သိရှိပြီး ည ၈ နာရီခွဲတွင် ၎င်းနေထိုင်ရာ အလုပ်သမားတန်းလျားအရှေ့၌ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ၎င်းအား အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN