ပုလဲ ၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၃၅ မိုင်ကွာဝေးသော ပုံတောင်ဒေသရှိ သစ်ကြီးတိုင်း - မယင်း - ခင်သာကျေးရွာချင်းဆက် လမ်းပိုင်းတွင် မန္တလေးမြို့နေ ဦးကျော်ဝင်း+ ဒေါ်ခင်မေသန်း (ဝင်းယူနိုက်တက်ကျောက်မျက်ကုမ္ပဏီ) မိသားစုက ငွေကျပ်သိန်း ၁၆၀ဝ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းမည့် ယမားချောင်းကူး သံကူကွန်ကရစ်တံတားသစ် တည်ဆောက်နိုင်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တံတားတည်ဆောက်မည့် ယမားချောင်းထိပ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲမြို့နယ်၊ ဝက်ကျကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တပုညထံမှ ငါးပါးသီလကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တံတားအလှူရှင် ဦးကျော်ဝင်း+ ဒေါ်ခင်မေသန်း(ဝင်းယူနိုက်တက်ကုမ္ပဏီ)နှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများက ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တံတားအလှူရှင် ဦးကျော်ဝင်းမိသားစုက ဆရာတော်များအား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် ဝက်ကျကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တပုညနှင့် ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ခဲ့ကြပြီး တံတားအလှူရှင် ဦးကျော်ဝင်း မိသားစုက မင်္ဂလာအချိန်တွင် တံတားတည်ဆောက်မည့် ယမားချောင်းထိပ် နေရာ၌ ပန္နက်တိုင်ကို စိုက်ထူပေးခဲ့သည်။
အဆိုပါ ယမားချောင်းကူး တံတားသစ်သည် အလျား ၇၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၈ ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ တန် ၃၀ ဖြစ်ကြောင်းနှင့် မန္တလေးမြို့နေ ဦးကျော်ဝင်း +ဒေါ်ခင်မေသန်း(ဝင်းယူနိုက်တက်ကျောက်မျက်ကုမ္ပဏီ)မိသားစုက ငွေကျပ်(၁၆၃၅၅၀ဝ၀ဝ) အကုန်အကျခံ၍ လှူဒါန်းခြင်းဖြစ်ပြီး မုံရွာမြို့ ၊ S7 ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၀ခုနှစ်၊ မတ်လကုန်အပြီး တည်ဆောက် မည် ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


