မြစ်ကြီးနား ၂၅ ဇွန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ချီဘွေမြို့နယ် အတွင်းရှိ IDP စခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနားမြို့ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရေးအတွက် နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည် နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးကြသည်။
ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် IDP စခန်းနေ မိသားစုများအား ရေရှည်တည်တံ့သောဘဝ ရပ်တည်မှုဖြစ်ပေါ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ပြောင်းရွှေ့နေထိုင်ကြမည့် မိသားစုဝင်များ အနေဖြင့် စိတ်ပျက်အားငယ်မှုများ ရှိနေမည်ဖြစ်သော်လည်း လိုအပ်ချက်များရှိပါက မိမိတို့အစိုးရအဖွဲ့သို့ တင်ပြအကူအညီတောင်းခံနိုင်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာ၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်နန်းထွမ်းလှတို့နှင့် တာဝန်ရှိသူများက ကျေးရွာတွင် ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု ၂၇ စု လူဦးရေ ၁၂၇ ဦး တို့အတွက် ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ (၁)ပတ်ရိက္ခာအတွက် ၈ အိတ် ၁၆ ပြည် ၂ ဗူး၊ ပစ္စည်း ၁၇ မျိုးပါကယ်ဆယ်ရေး ပစ္စည်း ၂၈ ပုံးတို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၃၉၄၃၁ ၊ ပြည်နယ်ပညာရေးမှ မိသားစုများ၏ ကျောင်း နေအရွယ် သား/သမီးများအတွက် ကျောပိုးအိတ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အိမ်သာနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးစိမ်းခြင်ထောင်နှင့် ဆေးသေတ္တာ ၂ ဖာတို့ နှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ Hygince Kit ၊ Dignity Kit ၊ Tarpaulin တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြောင်းရွှေ့နေထိုင်ကြမည့် မိသားစုများ၏ နေအိမ်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လျှပ်စစ်မီးသွယ်တန်းပေးရေးအတွက် စီစဉ်ဆောင်ရွက် ပေးကြသည်။
ယနေ့ ပြောင်းရွှေ့နေထိုင်ကြအိမ်ထောင်စုများမှာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျာမိုင်ကောင်းRC မှ အိမ်ထောင်စု ၁၇ စု၊ လယ်ကုန်းဗက်လင်မှ ၃ စု၊ ပလနပိတောက်မြိုင်စိန်ဂျိုးဇက်စခန်းမှ ၅ စု၊ နန်းကွေ့ စိန်ယောဟန်စခန်းမှ ၁ စုနှင့် ချီဘွေအမှတ် (၁) စခန်းမှ အိမ်ထောင်စု ၁ စုတို့သည် ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရေး ဆန္ဒပြုခဲ့သဖြင့် ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။
MDN


