နေပြည်တော် ဧပြီ ၂၀
ငွေရေးကြေးရေး ကုမ္ပဏီများ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ် လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ငွေရေး ကြေးရေးကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အုပ်ချုပ်မှုဒါရိုက်တာများနှင့် အကြီးတန်း စီမံခန့်ခွဲသူများတက် ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေရေးကြေးရေးကုမ္ပဏီများအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ တိကျစွာ လိုက်နာသွားရန် လိုအပ်ကြောင်း၊ ငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားအောင် ကြိုးပမ်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ကောင်းမွန်မှန်ကန်ပြီး ခေတ်မီ Digital နည်းပညာကို အသုံးပြုထားသည့် ငွေကြေး ဝန်ဆောင်မှုများမှ တစ်ဆင့် ငွေရေး ကြေးရေးကုမ္ပဏီများ၏ ဂုဏ်သတင်းနှင့် အကျိုး စီးပွားမြင့်တက်စေရေးဆောင်ရွက် ရန်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ချက်များနှင့်အညီ တိုးတက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း အကျယ်တဝင့် မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ငွေရေးကြေးရေး ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို Digital နည်းလမ်းဖြင့် တိုးချဲ့ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ သဘောတူညီချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားရန် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ရန်အချက်များကို သိရှိပြီးဖြစ်သည်နှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်