နေပြည်တော် ဩဂုတ် ၁၄
ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ ဆွေးနွေးပွဲနှင့် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဩဂုတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual ဖြင့်တက်ရောက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၃ ရက်တွင် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၊ ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ ဆွေးနွေးပွဲကို တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများကို ဖယ်ထုတ်ရှင်းလင်းနိုင်ရေးအတွက် လိုအပ်သည့် စွမ်းဆောင်ရည် (Loss Absorbing Capacity-LAC) ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်မှကြွေးမြီပေး ဆပ်ရန်အခက်အခဲ ဖြစ်ပေါ်နေသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ကြွေးမြီများကို သက်သာရာရရှိစေရန် ပြုလုပ်ပေးသည့် “Bail-in” ဆိုင်ရာ အကြောင်းအရာများကို ဆွစ်ဇာလန်နိုင်ငံ၏ ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Credit Suisse ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ သုံးသပ်ဆွေးနွေးခြင်းကို လည်းကောင်း၊ စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့နှင့် SEACEN Centre တို့မှ ခရစ်တို ရရန်ပိုင်ခွင့်များနှင့် တန်ဖိုးတည်ငြိမ်သော ကွိုင်များ (Stablecoins) နှင့်စပ်လျဉ်းသည့် ဆုံးရှုံးနိုင်ခြေနှင့် မူဝါဒဆိုင်ရာ အလားအလာမျာ သုံးသပ်ဆွေးနွေး ခြင်းကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်၊ အင်ဒိုနီးရှား နိုင်ငံဗဟိုဘဏ်နှင့် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့တို့မှ ဒေသတွင်းနိုင်ငံများအနေဖြင့် အစိမ်းရောင်စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ဘဏ္ဍာငွေ အရင်းအမြစ်များ ရှာဖွေနိုင်ရေးဆိုင်ရာ အလားအလာများကို သုံးသပ်ဆွေးနွေးခြင်းကို လည်းကောင်း၊ မလေးရှားနိုင်ငံဗဟိုဘဏ်နှင့် အပြည်ပြည်ဆိုင်ရာစာရင်း ရှင်းလင်းရေးဘဏ်တို့မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ တုံ့ပြန်ဆောင်ရွက်ရေး စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိကြီးများက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံနှင့် ဗဟုသုတများကို အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အရှေ့တောင်အာ ရှဗဟိုဘဏ်များအဖွဲ့၏ ခေတ္တအမှုဆောင်ဒါရိုက်တာ Dr. Srichander Ramaswamy က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး အလားအလာနှင့် ငွေလုံးငွေရင်း စီးဆင်းမှုများကို လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်၊ ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် နီပေါနိုင်ငံဗဟိုဘဏ်တို့မှ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေးအပေါ် သက်ရောက်လျက်ရှိသည့် ဆုံးရှုံးနိုင်ခြေများနှင့် အဆိုပါအခြေအနေများကို ထိန်းကျောင်းနိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးမှုများကို နိုင်ငံအလိုက် ဆောင်ရွက်နေမှုများကို လည်းကောင်း ပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိကြီးများက တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံနှင့် ဗဟုသုတများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် (၁၅) ကြိမ်မြောက် အရှ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ တံခါးပိတ်အစည်းအဝေးသို့ တက်ရောက်သည်။ အစည်းအဝေး တွင် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့မှ ခေတ္တအမှုဆောင်ဒါရိုက်တာ Dr. Srichander Ramaswamy က ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အရှ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်းကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြု လုပ်မည့် ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ သင်တန်းများနှင့် သုတေသနစာတမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ SEACEN အဖွဲ့ဝင်နိုင်ငံများသို့ အထောက်အပံ့ပေးမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့် အရာရှိကြီးများက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


