ကိုယဉ်ချစ် (မန္တလေး)

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ခရိုင်အလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျင်းပနေကြပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် (၂၅) ကြိမ်မြောက် ပြိုင်ပွဲကြီးကိုတော့ ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲကြီးအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပ တော့မှာဖြစ်ပါတယ်။

 

ယဉ်ကျေးမှုကို လူမျိုးတိုင်း အမြတ်တနိုးတန်ဖိုး ထားကြပါတယ်။    နိုင်ငံတစ်နိုင်ငံမှာ     သဘာဝ သယံဇာတတွေ၊    လူ့စွမ်းအားအရင်းအမြစ်တွေ ဘယ်လောက်ပင် ပြည့်စုံပေါကြွယ်ဝပါစေ မိမိတို့ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းမထားနိုင်ရင် ယဉ်ကျေးမှုနဲ့အတူ လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့်မိမိတို့ ရိုးရာယဉ်ကျေးမှုတွေကို နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ ဒါဟာ နိုင်ငံသားတိုင်းရဲ့ အမျိုးသားရေး တာဝန်၊ သမိုင်းပေးတာဝန်တွေ ဖြစ်ပါတယ်။

 

ယဉ်ကျေးမှုဆိုတာ  ဆင်ယင်ထုံးဖွဲ့မှုတွေ၊ ဘုရားမတင် နတ်မဝင် လူတွင် ၁၀ ပွင့်ပန်းဆိုတဲ့ ပန်းတမော့၊ ပန်းတော့၊ ပန်းရန်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းချီ၊ ပန်းထိမ် စတဲ့ အနုပညာလက်ရာတွေ၊ အဆို၊ အက၊ အတီး၊ အမှုတ် သုခုမပညာရပ်တွေ၊ အတွေးအခေါ် အရေးအသား အမြော်အမြင် စတဲ့ စာပေရေးရာတွေ၊ ရိုးရာဓလေ့ ထုံးစံတွေ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှု နဲ့ လူနေမှုစနစ်တွေ ဖြစ်ပါတယ်။ စာပေ၊ ပန်းချီ၊ ပန်းပု၊ ဆင်ယင်ထုံးဖွဲ့မှုတွေဟာ အနုပညာဖြစ်ကြပြီး အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တွေဟာ သုခုမ ပညာရပ်တွေဆိုပြီး ယဉ်ကျေးမှုသုတေသီတွေက သတ်မှတ်ထားကြတယ်လို့ မှတ်သားရပါတယ်။

 

ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာတွေ

 

ကမ္ဘာ့နိုင်ငံအသီးသီးက လူမျိုးတိုင်းမှာ ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာတွေ ရှိကြပါတယ်။ မြန်မာတွေမှာလည်း ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ မြန်မာ့မူ၊ မြန်မာ့ဟန်တွေကို ရှေးမြန်မာဘိုးဘွားတွေ အစဉ်အဆက်ကတည်းက ဖန်တီးပုံဖော်တည်ဆောက်ခဲ့ကြပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကို နှစ်ပေါင်းထောင်နဲ့ချီပြီး လက်ဆင့် ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။

 

အနုပညာလို့ ခေါ်ဆိုအပ်တဲ့ အတတ်မျိုး ၆၄ ရပ်မှာ နစ္စဆိုတဲ့ အကမျိုးစုံအတတ်၊ ဝါဒနဆိုတဲ့ တီးမှုတ် မျိုးစုံအတတ်၊ ဗျူဟာစရနာဒိပရဏဆိုတဲ့ အတီးအမှုတ်တို့တီးမှုတ်၍ စစ်ဆင်စစ်တက်ခြင်း အတတ်တွေပါဝင်ကြောင်းနဲ့ အဋ္ဌာရသသိပ္ပ ၁၈ ပါး (အတတ်) မှာ ဂန္ဓဗ္ဗာဆိုတဲ့ စောင်းညင်းစတဲ့ ကဗျာ လင်္ကာအတတ်၊ ဣတိဟာသဆိုတဲ့ ရယ်ရွှင်ဖွယ် အတတ် (ရှေးစကားဟောင်းအတတ်) တွေ ပါဝင် တယ်လို့ မှတ်သားဖူးပါတယ်။ မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှုတွေဟာ အင်မတန်ရှေးကျတဲ့ကာလ တွေကတည်းက ရှင်သန်ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေနဲ့ ရပ်တည်နေပါတယ်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတဲ့ စကားဟာ အင်မတန်လေးနက်ပြီး တန်ဖိုးရှိတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။ မြန်မာဆိုတာ နိုင်ငံတော် အတွင်းမှာ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ ညီနောင်သားချင်း တိုင်းရင်းသားတွေကို ပေါင်းစုခေါ်ဆိုထားတာ ဖြစ်ပါတယ်။ ရိုးရာဆိုတာက မိဘအစဉ်အဆက် ကျင့်သုံးခဲ့တဲ့ အလေ့အထ၊ ယဉ်ကျေးမှုဆိုတာက သိမ်မွေ့ပြေပြစ်တဲ့ တတ်သိလိမ္မာမှု၊ တိုးတက် ထွန်းကားလာတဲ့ လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာတဲ့ ဓလေ့ထုံးတမ်း တွေဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်နေခဲ့ပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုနေတယ်ဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်။

 

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဆိုတာရှိကြပါတယ်။ တိုင်းရင်းသားတွေနဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာ ရှေးနှစ်ပေါင်း များစွာကတည်းက ခိုင်ခိုင်မာမာ တည်ရှိခဲ့တာဖြစ်ပြီး အစဉ်အဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြလို့ ယနေ့အထိ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာပေါ်မှာ ထင်ထင်ရှားရှား ရပ်တည်နေတာဖြစ်ပါတယ်။

 

ရိုးရာယဉ်ကျေးမှုတွေကို ပစ္စုပ္ပန်မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်း

 

ရိုးရာယဉ်ကျေးမှုတွေကို မိဘဘိုးဘွား အစဉ်အဆက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး ပစ္စုပ္ပန် မျိုးဆက်သစ်တွေဆီကို လက်ဆင့်ကမ်း သယ်ဆောင်လွှဲပြောင်းပေးခဲ့ကြပါတယ်။ မျက်မှောက်ခေတ် မျိုးဆက်သစ်လူငယ်တွေကလည်း မိမိတို့ လက်ထက်မှာ ရိုးရာယဉ်ကျေးမှုတွေမတိမ်ကော၊ မပျောက်ပျက်အောင် လက်ဆင့်ကမ်းသယ်ဆောင ရင်း ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ မထိန်း သိမ်း၊ မစောင့်ရှောက်နိုင်ရင်တော့ ယဉ်ကျေးမှုတွေ မှေးမှိန်ပျောက်ကွယ်သွားပြီး လူမျိုးနဲ့နိုင်ငံတော်ပါ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာ သတိမူကြရမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်အနေနဲ့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကို ကမ္ဘာတည်သရွေ့ တည်တံ့နေအောင် အစိုးရ အဆက်ဆက်မှာ ဆောင်ရွက်ပေးနေပေမယ့် တစ်ဖက်က ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ရပ်တန့်သွားအောင်၊ မှေးမှိန်ပျက်စီးသွားအောင်၊ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးပြီး မိမိ ယဉ်ကျေးမှုကို အထင်သေးစိတ်တွေ ဝင်ရောက်လာအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်လာနေပါတယ်။ မျက်မှောက် နည်းပညာခေတ်မှာ ခေတ်မီနည်းပညာတွေကို အသုံးချပြီး မသိမသာရော၊ သိသိသာသာပါ နှောင့်ယှက် ဖျက်ဆီးနေကြတယ်ဆိုတာကို အမျိုးသားရေးအမြင်နဲ့ မြင်အောင်ကြည့်ပြီး၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ထိန်းသိမ်းစောင့်ရှောက်နေကြရမှာ ဖြစ်ပါတယ်။

 

နှစ်ပေါင်းထောင်နဲ့ချီပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်လာခဲ့ကြတဲ့ မိမိတို့အမျိုးသား ယဉ်ကျေးမှုတွေ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရင် နိုင်ငံနဲ့လူမျိုးအပေါ် အထင်ကြီးလေးစားမှုတွေ လျော့နည်းလာမယ်။ အမျိုးသားရေးအားမာန်တွေ ခန်းခြောက်ကုန်မယ်။ ဒီအချက်တွေကို ကြိုတင်မြော်တွေးပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွား ကြရမှာ ဖြစ်ပါတယ်။

 

မိမိတို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ မတူညီတဲ့ အချက်ကတော့ တိုင်းရင်းသားမျိုးနွယ်စုတွေ စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တိုင်းရင်းသားတွေဟာ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုတွေနဲ့ ရပ်တည်နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုတွေကို နိုင်ငံသားတိုင်းနဲ့ တိုင်းရင်းသားတိုင်းက နိုင်ငံနဲ့လူမျိုးကို ချစ်တဲ့စိတ်တွေနဲ့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမှာဖြစ်ပါ တယ်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်တာကြောင့် အင်မတန် မွန်မြတ်တဲ့တာဝန်ကို ထမ်းဆောင်တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

 

အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ကြရင်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား သွေးစည်းညီညွတ်မှုကိုပါ တည်ဆောက်သွားကြရပါမယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးဟာ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်တွေ မြင့်မားနေအောင် ကြိုးပမ်း ဆောင်ရွက်နေသူတွေဖြစ်ဖို့လိုပါတယ်။

 

(၂၄)ကြိမ်မြောက် ပြိုင်ပွဲဝင်ဦးရေ ၂၃၀၆ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့

 

မြန်မာတို့ရဲ့ ထူးခြားမြင့်မြတ်တဲ့ အစဉ်အလာတွေနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ ကမ္ဘာမှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးလို့ ဝင့်ကြွားစွာနဲ့ သိက္ခာရှိရှိရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိတွေ မြဲမြံစွာနဲ့ မြန်မာ့အမျိုးသားယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်း သွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကို နှစ်စဉ်မပျက် ဦးတည်ချက်တွေ ချမှတ်ပေးပြီး ကျင်းပပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလအပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်ကျင်းပ ခဲ့တဲ့ (၂၃) ကြိမ်မြောက်ပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီး နဲ့ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်ဦးရေ ၁၈၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာတော့ ပြိုင်ပွဲဝင်ဦးရေ ၂၃၀၆ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယခုနှစ် (၂၅)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အခြေခံ ပညာအဆင့်၊ ဝါသနာရှင်အဆင့်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်တွေ တစ်ခဲနက် ပါဝင်ယှဉ်ပြိုင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

 

ငွေရတုအထိမ်းအမှတ် ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပြိုင်ပွဲဝင်တွေဟာ ကိုယ်ယှဉ်ပြိုင်ကြမယ့် ဘာသာရပ်တွေကို ယှဉ်ပြိုင်အနိုင်ယူမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ကြိုတင်ပြင်ဆင်လာကြမယ်လို့ ယုံကြည်ပါတယ်။ ရွက်ပုန်းသီး ဝါသနာရှင်အဆင့်ကနေ အရည်အချင်းရှိတဲ့ ပညာရှင်အဆင့်တွေအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နည်းပြဆရာတွေအနေနဲ့လည်း မိမိတို့တပည့်တွေ ထူးချွန်စွာ အောင်ပွဲဆင်နိုင်အောင် ကြိုတင်သင်ကြား လေ့ကျင့်ပေးခဲ့မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။

 

သက်ဆိုင်ရာဒေသသီးသီးက အုပ်ချုပ်သူတွေ၊ နည်းပြပညာရှင်တွေ၊ ပြိုင်ပွဲဝင်တွေအနေနဲ့ မျိုးချစ်စိတ်၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းလိုတဲ့စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး လုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်နေတယ်ဆိုတဲ့ မြင့်မြတ်တဲ့ အမျိုးသားရေးစိတ်တွေကို အခြေခံပြီး အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ကြ လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

 

နိုင်ငံတော်အစိုးရအနေနဲ့ အနာဂတ်နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် သွေးစည်းမှု၊ နိုင်ငံသားများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံကကြိုးပမ်း ဆောင်ရွက်ပေးနေပါတယ်။ တစ်ဖက်မှာလည်း လူငယ်တွေကို ဗလငါးတန်နဲ့ပြည့်စုံတဲ့ သားကောင်း၊ သမီး ကောင်း ရတနာတွေအဖြစ် ပြုစုပျိုးထောင်ပေးနေပါတယ်။ လူငယ်တွေကို ဗလငါးတန်နဲ့ပြည့်စုံအောင် ပြုစုပျိုးထောင်ရာမှာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကိုအခြေခံတဲ့ အနုသုခုမပညာရပ် တွေဟာ အခြေခံကျတဲ့အခန်းကဏ္ဍမှာ တည်ရှိနေတာကိုလည်း သတိပြုမိပါတယ်။ နိုင်ငံချစ်စိတ်၊ ပြည်သူတွေကို ချစ်တဲ့စိတ်တွေနဲ့ ဖန်တီးထားတဲ့ မြန်မာ့ဂီတ၊ မြန်မာ့အက၊ မြန်မာ့ရိုးရာ အနုပညာရပ်စစ်စစ်တွေ ထွန်းကား လာတာနဲ့အမျှ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ အမျိုးသားရေး လမ်းကြောင်းမှန်အတိုင်း ဖွံ့ဖြိုး တိုးတက်လာပါမယ်။ ဒီလိုတိုးတက်မှုတွေနဲ့အတူ အမျိုးသားရေး ကိုယ်ခံ စွမ်းအားတွေလည်း တိုးတက်လာမှာ မလွဲဧကန်ဖြစ်ပါတယ်။ အမျိုးသားရေး ကိုယ်ခံစွမ်းအားပြည့်ဝတဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေရဲ့ စွမ်းအားတွေဟာ နိုင်ငံတော်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒီလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေတဲ့ အမျိုးသားယဉ်ကျေးမှု  အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့  လုပ်ငန်းစဉ်ဟာ နိုင်ငံတော်ရှေ့ခရီးအတွက် အထောက်အကူဖြစ်စေ ပါတယ်။

 

ကာလကြာမြင့်တဲ့အထိ ရှင်သန်ရပ်တည်နိုင်ခဲ့ တဲ့ အနုပညာရပ်တွေဟာ ဂန္ထဝင်မြောက်တန်းဝင်ခဲ့ ကြပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ် တွေဟာ နှစ်ပေါင်းထောင်ချီပြီး ရပ်တည်ရှင်သန်နေ တာမို့ တန်ဖိုးကြီးပြီး ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေ အနှစ်တွေဖြစ်ပါတယ်။ ရှေးဘိုးဘွားအစဉ်အဆက်က ထိန်းသိမ်း စောင့်ရှောက်လာကြတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ကြဖို့ နိုင်ငံတော်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ ကို ဦးတည်ချက်တွေချမှတ် ကျင်းပပေးနေတာ ဖြစ်တဲ့အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

 

ကိုးကား -

၂၄-၁၀-၂၀၂၃၊ ၂၅-၁၀-၂၀၂၃ နေ့နှင့် ၁-၁၁-၂၀၂၃ နေ့ထုတ် သတင်းစာများ

မှတ်အပ်၊ မှတ်ရာ မှတ်စုပဒေသာ သုခမှတ်စု (ဆဋ္ဌမအကြိမ်)