နေပြည်တော် ၂ စက်တင်ဘာ
ရေမြေသဘာဝမတူကွဲပြားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မတူကွဲပြားသော ပြည်ထောင်စုသားများ စုပေါင်းနေထိုင်ကြသည်။ မတူကွဲပြားသော်လည်း ရှေးအစဉ်အဆက် အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် နေချင်စဖွယ်၊ ပျော်မွေ့ဖွယ် ပြည်ထောင်စုမြေတွင် ချစ်ခင်ရင်းနှီးစွာဖြင့် အေးချမ်းစွာ နေထိုင်လိုကြသည်။
ထိုသို့နေထိုင်နိုင်ရန်အတွက် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကိုရည်မျှော်၍ ငြိမ်းချမ်းသော အသိုက်အမြုံဖြစ်အောင် တည်ဆောက်ထားရသည်။ သို့သော် မြန်မာပြည်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အချို့ဒေသများ၌ မငြိမ်းချမ်းသော ဖြစ်စဉ်အချို့ကို မြင်တွေ့ ကြားသိနေရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည်။ မြန်မာပြည်တွင် နှစ်ပေါင်းရှည်ကြာနေပြီဖြစ်သည့် မငြိမ်းချမ်းခြင်း၏အဓိကအချက်မှာ မိမိတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ လုပ်ဆောင်ချက်များကို အလျှော့မပေးဘဲငါနှင့်မတူ ငါ့ရန်သူဟု သဘောထားကာ လက်နက်ကိုင်စွဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။ အကျိုးရလဒ်မှာ မည်သည့်ဘက်မျှ အဖြေမထွက်ဘဲ မိမိတို့နယ်မြေဒေသများနှင့် တိုင်းရင်းသားပြည်သူများသာ ဒုက္ခဆင်းရဲတွင်း၌ သက်ဆင်းနေရသည်။
ယခုအခါ တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးခဲ့သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစတင်၍ ယနေ့အချိန်အထိ ရှစ်လကြာ ရပ်ဆိုင်းပေးထားသည်။ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်လိုသည့် စေတနာဖြစ်သည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး၏ ငြိမ်းချမ်းရေးလ ုပ်ငန်းစဉ်အပေါ် ယုံကြည်ချက်၊ မျှော်လင့်ချက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) နှင့် လက်ရှိဆွေးနွေးဆောင်ရွက်ချက်များ ပိုမိုအားကောင်းခိုင်မာလာစေရေးအတွက် ဖော်ပြပါနယ်မြေများ၌ စစ်ရေး လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိဆက်လက်တိုးမြှင့်ရပ်ဆိုင်းပေးခဲ့ပြန်သည်။
ငြိမ်းချမ်းရေးအတွက် တစ်ဖက်က ဤသို့ဆောင်ရွက်နေချိန်တွင်မကြာသေးမီရက်ပိုင်းအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့၏ တိုက်ခိုက်မှုများကြောင့် တပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့တိုင်းရင်းသား ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးရမှုများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ လမ်း၊ တံတားများပျက်စီးဆုံးရှုံးမှုများမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပါသည်။ ထိုလုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုထိခိုက်မှုများဖြစ်စေပါသည်။
ထိုအရေးနှင့်ပတ်သက်၍ အဖြေရှာနိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကိုယ်စား လှယ်များနှင့် KIO၊ PSLF၊ MNTJP၊ ULA အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များသည် သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။
သို့ဖြစ်ရာ နိုင်ငံအတွင်းဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ယခုကနဦး တွေ့ဆုံဆွေးနွေးနိုင်မှုသည် နှစ်ဦးနှစ်ဖက်နိုင်ငံရေး ဆန္ဒအပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်ဟု ဆိုနိုင်ပါသည်။ ။
ကြေးမုံ