သတ္တလောကတွင် လူနှင့် အခြားသတ္တဝါများအကြား အဓိကခြားနားချက်တစ်ခုမှာ လူက စကားပြောတတ်ခြင်းပင် ဖြစ်သည်။ လူအချင်းချင်း စကားပြောဆိုခြင်းဖြင့် ဆက်သွယ်ဆက်ဆံကြရာတွင် မိမိတို့တစ်ဦးချင်းစီ၏ သဘောထားထင်မြင်ချက်၊ ယုံကြည်ချက်တို့ကို အပြန်အလှန်ဖလှယ်နိုင်ကြပြီး ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ ရရှိနိုင်သလို ကြမ်းတမ်းသည့်စကား၊ သိမ်ဖျင်းသည့်စကား၊ အကျိုးမဲ့သည့်စကားတို့ ပြောဆိုခြင်းဖြင့် လူတစ်ဦးနှင့်တစ်ဦး၊ လူ့အဖွဲ့ အစည်းတစ်ခုနှင့်တစ်ခုတို့အကြား မလိုမုန်းတီးမှုများ၊ ပဋိပက္ခများ၊ အမျက်မာန်စောင်ကာ ရန်ရှာမှုများလည်း ပေါ်ပေါက်လာနိုင်စေသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံအရ နှုတ်ဖြင့်ကျူးလွန်သည့် ဝစီဒုစရိုက်များကို မကောင်းမှုများအဖြစ် ရှောင်ကြဉ်ကြရသည်။ မဟုတ်မမှန်ပြောဆိုသည့်စကား၊ ကုန်းချောပြစ်တင်သည့်စကား၊ ကြမ်းတမ်းသည့်စကား၊ သိမ်ဖျင်းသည့်စကားတို့ကို မကောင်းသည့်စကားများအဖြစ် သတ်မှတ်ကာ မပြောဆိုဖြစ်အောင်ရှောင်ကြည်။ အချိန်အခါသင့်သည့်အခါတွင် မှန်ကန်သောစကားကိုသာ သိမ်မွေ့စွာဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်သော မေတ္တာစိတ်ဖြင့် ပြောဆိုကြရသည်။ “တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင် သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ" ဟူ၍ လက်သစ်တောင်တာ အစချီဆုံးမစာတွင် ရှင်မဟာရဋ္ဌသာရက ရေးသားခဲ့သည်ကို ရှုမြင်ခြင်းအားဖြင့် ခါးသီးသည့် အမုန်းစကားကို မပြောမဆိုကြရန် မြန်မာ့ယဉ်ကျေးမှုတွင် ရှေးကတည်းကပင် ပဲ့ပြင်ဆုံးမခဲ့ကြသည်ကို သိနိုင်သည်။
မျက်မှောက်ခေတ်တွင်မူ လူတစ်ဦး သို့မဟုတ် လူတစ်စုတစ်ဖွဲ့ အပေါ်တွင် ခွဲခြားဆက်ဆံကာ ရန်လိုမုန်းတီးမှု၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်လာစေရန် ဥပဒေပြင်ပမှနေ၍ စကားအနေဖြင့် ပြောဆိုခြင်း၊ စာဖြင့် ရေးသားဖော်ပြခြင်း၊ အမူအရာ တစ်မျိုးမျိုး၊ ရုပ်ပုံဓာတ်ပုံတို့ဖြင့် ပြသခြင်းတို့ကို အမုန်းစကား (Hate Speech) ဟူ၍ သတ်မှတ်ထားသည်။ အမုန်းစကားဖြင့် ဥပဒေပြင်ပ တိုက်ခိုက်မှုများ၏ ရည်ရွယ်ချက်များမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံကာ လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာအောင် ပြုလုပ်ခြင်း ပင်ဖြစ်သည်။ သတင်းအချက်အလက် နည်းပညာတိုးတက် ထွန်းကားလာသည့် ယနေ့ခေတ်ကာလတွင် လူမှုကွန်ရက်များကို အသုံးပြုကာ အမုန်းစကားကို တွင်တွင်ကျယ်ကျယ် ဖြန့်ချိ လာနိုင်ကြသည့်အတွက်လူ့အဖွဲ့အစည်းအတွက် အထူးအန္တရာယ် ကြီးလာသည်။ အသီး ဓာတ်ပုံဗီဒီယိုကလစ်တို့ဖြင့် လုပ်ကြံတန်ဆာဆင်ထားသည့် သတင်းအတုသတင်းအမှားများစွာ တို့ကို လူမှုကွန်ရက်များတွင် ရှောင်မလွတ်နိုင်အောင် တွေ့လာရသည်။
အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်း နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြား ချက်အမှတ်၃/၂ဝ၂ဝ ကို ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များသည် မိမိတို့၏ ကွပ်ကဲမှု သို့မဟုတ် ညွှန်ကြားမှုအောက် တွင်ရှိနေသော ဝန်ထမ်းများ၊ အရာရှိများ၊ စစ်မှုထမ်းများ၊ အခြား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အမုန်းစကား များကိုရှုတ်ချရန်နှင့် တားဆီးရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ပြီး အမုန်းစကား ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ဝန်ထမ်းများ အားလုံးပါဝင်ရန်နှင့် ပံ့ပိုးရန် အားပေးရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
မိမိတို့နိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်းနေထိုင်ကြသည့်အလျောက် အမုန်းစကားကင်းစင်ရေး အထူး လိုအပ်သည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ ဘာသာတစ်မျိုးနှင့် တစ်မျိုးကြား၊ အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာစေမည့် မည်သို့သော သပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှုမျိုးကိုမှ လျစ်လျူရှု မနေသင့်ဘဲ အမှိုက်ကစ ပြာသာဒ်မီးလောင်သည့်အဖြစ်မျိုး မရောက်စေရန် အမုန်းတရား မီးပွားမီးစမှန်သမျှ စောစီးစွာကပင် ငြိမ်းသတ်ကြရမည် ဖြစ်သည်။ အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဝန်ထမ်းများအားလုံးမှစတင်ကာ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူများအားလုံး ပါဝင်လာစေခြင်းဖြင့် ငြိမ်းချမ်းညီညွတ် ပြီး မေတ္တာတရားထွန်းကားသည့် မြန်မာ့လူ့ဘောင်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ။
မြန်မာ့အလင်း