ငြိမ်းချမ်းဖွံ့ဖြိုးရေး အမျိုးသားများပါဝင်

၁၉   ဇွန်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဇွန် ၁၄ ရက်က ကျင်းပခဲ့သော ငြိမ်းချမ်းရေးစကားဝိုင်းတွင် “ငြိမ်းချမ်းရေးအကြောင်းပြောရရင် နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲဖို့ဆိုတာဟာ ဖွံ့ဖြိုးရေးလည်း ရှိရမှာဖြစ်တယ်၊ နိုင်ငံတစ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ပြည်သူလူထုလုံခြုံမှုရှိမှ ငြိမ်းချမ်းရေးရှိတာ။ လုံခြုံမှုဆိုတာ နှစ်မျိုးရှိတယ်၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမှာ အပစ်အ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့လည်း မပြီးဘူး။ ဖွံ့ဖြိုးတိုးတက်ရေးလဲလိုတယ်။ ဖွံ့ဖြိုးတိုးတက်ရေးရှိမှ ကိုယ့်ရဲ့ စားဝတ်နေရေး၊ နိစ္စဓူဝ ရှင်သန်ရေးအတွက် စိတ်မပူရမှာ။ အဲဒီလုံခြုံရေး ရှိဖို့ဆိုတာ ဒါဟာ ပညာရေးနဲ့လည်း အများကြီးဆိုင်တယ်၊ တည်ငြိမ်ရေးနဲ့လည်း ဆိုင်တယ်၊ အမျိုးသားတွေ ပိုပြီးတော့ ပညာရေးကဏ္ဍမှာ ပါဝင်ဖို့လိုတယ်လို့ ကျွန်မ ဒီအတိုင်းပဲ မြင်ပါတယ်”ဟု ပြောကြားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားထားသည်မှာ မှတ်သားဖွယ်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ ထဲထဲဝင်ဝင် လေးလေးနက်နက် သိရှိသင့်သည်။ မငြိမ်းချမ်းသည့် အကြောင်းအရင်းများကို လူငယ်လူရွယ်များအနေဖြင့် သေသေချာချာ ဂဃနဏသိရှိထားမှသာ မှန်ကန်သည့် ရပ်တည်မှုများဖြင့် ပါဝင်နိုင်မည်ဖြစ်သည်။ ဤတွင် အသိအမြင် ဗဟုသုတပညာရှိဖို့ လိုအပ်သည်။ ပညာရေးတွင် သမိုင်းအမှန်ကို လေ့လာသင်ယူနိုင်စွမ်းရှိဖို့ လိုအပ်သည်။ သမိုင်းအမှန်ကို သင်ယူလေ့လာ နိုင်မှသာလျှင် မငြိမ်းချမ်းခြင်း၏ အကြောင်းအရင်း၊ အကျိုးဆက်များကို သိရှိနိုင်မည်ဖြစ်သည်။ အပြန်အလှန်နားလည်မှုများ တည်ဆောက်သောအခါ ပို၍လျင်မြန်မည်ဖြစ်သည်။

 

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် အမျိုးသားများကဏ္ဍကို မီးမောင်းထိုးပြထားသည်။ လူငယ် လူရွယ်များအား အသိပညာဗဟုသုတများ မျှဝေပေးရာတွင် ပညာသင်ကြားပေးနေသော ဆရာ ဆရာမများ၏ကဏ္ဍမှာ အဓိကပါဝင်လာသည်။ ပညာသင်ကြားပေးနေသော ဆရာ ဆရာမ ရာခိုင်နှုန်းကို ကြည့်မည်ဆိုလျှင် ဆရာမမှာ ၉၇ ရာခိုင်နှုန်းရှိပြီး ဆရာမှာ သုံးရာခိုင်နှုန်းသာ ရှိသည်။ ရန်ကုန်တက္ကသိုလ် ပညာသင်ယူမှုတွင် အမျိုးသမီး ၆၀ ရာခိုင်နှုန်း၊ အမျိုးသား ၄၀ ရာခိုင်နှုန်းရှိပြီး စာမေးပွဲအောင်မြင်မှု အပိုင်းတွင်လည်း အမျိုးသမီးများက သာလွန်နေသည်ကို တွေ့ရသည်။

 

ထို့ကြောင့် အမျိုးသားများ၏ကဏ္ဍမှာ ပညာရေးနယ်ပယ်တွင် အားနည်းမှု ရှိနေသည်ဟုဆိုရမည် ဖြစ်သည်။ ပညာရေးနယ်ပယ်မှ အဟောသိကံဖြစ်မှု၊ ဖိတ်စဉ်မှု၊ ဖည်ခွာမှု၊ တစ်ဝက်တစ်ပျက်ဖြစ်မှုတို့တွင် အမျိုးသားများဖြစ်ကြသည်ကို တွေ့ရသည်။ ပညာရေးအားနည်းမှုကြောင့် လည်းကောင်း၊ ဝင်ငွေရလိုမှုကြောင့် လည်းကောင်း၊ လေလွင့်မှုကြောင့် လည်းကောင်း အကြောင်းအမျိုးမျိုး တို့ကြောင့် အမျိုးသားများမှာ ပညာရေးဘက်တွင် လျော့နည်းလာခြင်း ဖြစ်နိုင်သည်။ ပညာဗဟုသုတ ဝေးကွာခြင်းသည် တည်ငြိမ်အေးချမ်းမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ အမျိုးသားထုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်မှု၊ အထောက်အပံ့ဖြစ်စေမှုနှင့် နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတို့တွင် အင်အားလိုအပ်မှုများ၊ အားနည်းမှုများ ရှိလာနိုင်သည်။

 

သို့ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်နယ်တွင် ကျင်းပသည့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း၌ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် အမျိုးသားများပါဝင်နိုင်မှု အနေအထားများကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ လူတန်းစားအလွှာအသီးသီးမှ အမျိုးသားထုအား ပိုင်းခြားဆန်းစစ်ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍအသီးသီးအလိုက် ဝိုင်းဝန်းဖြည့်ဆည်း ကူညီပံ့ပိုးပေးကြရမည် ဖြစ်သည်။ အမျိုးသားထု အနေဖြင့်လည်း နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ တက်တက်ကြွကြွ လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

 

ကြေးမုံ